တစ်ဘဝလုံး စစ်ဘေးဒုက္ခသည် ဖြစ်ရသူ

2021.12.08
Share on WhatsApp
Share on WhatsApp
တစ်ဘဝလုံး စစ်ဘေးဒုက္ခသည် ဖြစ်ရသူ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ဒေါ်ဒါးမို ကို တွေ့ရစဉ်
Photo: RFA

ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုရဲ့ တဲအိမ်ထဲမှာ အိုးခွက်ပုဂံတွေ ဆေးကြောနေတဲ့သူက အသက် ၃၈ နှစ်အရွယ် ဒေါ်ဒါးမို ဖြစ်ပါတယ်။ သူဟာ ကလေး သုံးယောက်ကို တစ်ယောက်တည်း ပြုစု စောင့်ရှောက်လာတဲ့ မုဆိုးမတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့မှာ အမျိုးသား မရှိတော့ဘဲ ၁၀ နှစ်တာအတွင်း တစ်ယောက်တည်း သား၊ သမီးတွေကို စောင့်ရှောက်နေရသူပါ။

သူငယ်ငယ်ကတည်းက မိဘတွေနဲ့အတူ စစ်ပြေးခဲ့ရတဲ့ ဒုက္ခကို ကြုံတွေ့ခံစားခဲ့ဖူးတဲ့ သူလည်းဖြစ်ပါတယ်။ ဒေါ်ဒါးမိုဘဝက စစ်ပြေးဒုက္ခသည် ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ သားသမီးတွေကို သူ့လိုဘဝ မရောက်စေချင်ဘူး ဆိုပေမယ့် သူ့ရဲ့ ဆန္ဒက ဖြစ်မလာပါဘူး။

“ဒီအာဏာ ထပ်သိမ်းလိုက်ခါကျတော့ ကျမမှာ မျှော်လင့်ချက်လည်း ကုန်သွားတာပေါ့နော်။ အဲဒီ မြန်မာပြည်ထဲမှာ နေတာ စိတ်ကုန်သွားတယ်လို့ ပြောရမှာပေါ့။ အဲလိုကနေ ဒီလို ထွက်လာပြီးတော့မှ ဒီမှာပဲ ကလေးတွေကို ကျောင်းလည်းထားနိုင်မလား။ ပြီးတော့ ဒီမှာပဲ အေးအေးချမ်းချမ်း ကိုယ့်ဘာသာ ကိုယ် စစ်ပြေးရှောင်တဲ့ နေရာမှာ သူများတွေ ကိုယ့်ကိုကာကွယ်ပေးတဲ့ အထဲမှာ စစ်မြေလွတ်တဲ့ နေရာမှာပေါ့နော်။ အဲဒီ လွတ်မြောက်တဲ့ နေရာမှာရောက်ရင် စိတ်ချမ်းသာမလားဆိုပြီး ဒီကို ထွက်လာတာပါ”

ဒေါ်ဒါးမိုရဲ့ မိဘတွေက ရှားတောမြို့နယ် တောင်ပေါ်ရွာကဖြစ်ပြီး အရင်ပြည်တွင်း စစ်တွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးကြရပြီး ဒေါ်ဒါးမိုကို လွိုင်ကော်မြို့နယ် ထေးသမရွာမှာ မွေးဖွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကြောင့် တစ်ရွာပြီး တစ်ရွာတွေ ပြောင်းနေခဲ့ကြရပြီး လွိုင်ကော်မြို့နယ် လွိုင်လင်ရွာဘက်မှာ နေရင်း မေလကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် တောထဲတောင်ထဲ ထွက်ပြေးခဲ့ကြရ ပါတယ်။

"ကျမတို့ ကယန်းလူမျိုး တိုင်းရင်းသားတွေ အကုန်ပြေးရတယ်လေ"

“ကျမတို့က စစ်ရှောင်ရင်းနဲ့ စားစရာလည်း ကုန်သွားပြီ။ စစ်မရှောင်ခင် ရွာကနေ လွိုင်လင်လေး မှာ စစ်တပ်နဲ့ နီးတယ်။ နောက် ကျမတို့ ကယန်းလူမျိုး တိုင်းရင်းသားတွေ အကုန်ပြေးရတယ်လေ။ အစ ကတည်းကတော့ မပြေးဘူး ဒီလိုပဲ နေမယ်လို့ ဆုံးဖြတ်ထားတာပေါ့။ နောက်ဆုံးတော့လည်း သူများ တွေက စပါးတွေဘာတွေဆို အပြင်ကိုသွားပြီးတော့မှ ဖယ်ထားရတယ်။ နောက် ကျမတို့ မိဘတွေလည်း အိုပြီ အသက်ကြီးပြီကော။ ခဏခဏ လက်နက်ကြီးတွေ သူ့ဟာသူပစ်ချင်တဲ့ နေရာပစ်ချ”

ဒေါ်ဒါးမိုတို့မိသားစု နယ်စပ်က KNPP ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းကို ရောက်ရှိလာတာ ငါးလရှိနေပါပြီ။ အဲဒီ စစ်ဘေးဒုက္ခသည် စခန်းထဲမှာ မေလကနေစပြီး ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ရှားတော မြို့နယ်ထဲက တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူ တစ်ထောင်ကျော် ရှိနေပါတယ်။ သူတို့တွေက အလှူရှင် တွေပေးတဲ့ အခြေခံ စားသောက်ကုန်တွေကိုပဲ အဓိက အားထားနေရတာပါ။

dd-mo-kayah-refugee
(ဒေါ်ဒါးမိုနေထိုင်ရာ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းကို တွေ့ရစဉ် )

ဒေါ်ဒါးမိုဟာ အရံသားဖွားသင်တန်း တက်ဖူးသူဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေမှာ လိုက်လံ ဆေးကုသရင်း သားသမီးတွေကို ရှာဖွေကျွေးမွေးခဲ့သူပါ။ အခုလို စစ်ဘေးဒုက္ခသည်စခန်းကို ရောက်လာတော့ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ သားသမီးတွေအတွက် ပညာရေး မျှော်လင့်ချက်လည်း ပျောက်သွားခဲ့ပြီလို့ ဆိုပါတယ်။

“ဆုံးရှုံးတယ်။ ကျမတို့မှာတော့ အိုးအိမ်တွေ မရှိပါဘူး။ ဒါပေမဲ့ သားသမီးတွေရဲ့ ရှေ့ရေး၊ ပညာရေး အကုန်လုံး ပျက်စီးသွားတယ်ရှင့်။ ကျမမှာ မျှော်လင့်ချက်ဆိုတာ ဘာမှမရှိဘူး။ ဘာလို့လဲဆိုရင် ကျမမှာ ယောကျ်ားလည်းမရှိဘူး။ ဒီကလေး သုံးယောက်ရဲ့ အပေါ်မှာလည်း ကိုယ်မျှော်မှန်းပြီးတော့မှ သူတို့မှာ ကြီးလာရင် ပညာတတ်ဖြစ်လာမှာလားပေါ့နော်။ ပြီးတော့ ကိုယ့်မှာ နေရထိုင်ရ အဆင်ပြေမလားပေါ့။ သား၊ သမီးတွေပဲ အဓိက ဆိုပြီးတော့မှ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အကုန်လုံး ပျောက်ဆုံး သွားတာပေါ့နော်။ အခုက စာသင်ကျောင်းမှာဆိုရင်လည်း သင်လို့မရ။ စစ်ပညာရဲ့ လက်အောက်မှာ နေနေရတာဆိုတော့ မနေချင်ဘူးရှင့်"

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရှိလာသလို စစ်ဘေးဒုက္ခသည် တွေလည်း ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့