၁၈ နှစ်မပြည့်ဘဲ လက်ထပ်ထိမ်းမြားခွင့်


2018.11.29

 

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံ အတိုင်း လက်ထပ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်မှာ မနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး အတည်ပြုရာမှာ ဒီအချက်ကို လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြတာတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ မသက်စုအောင် စုစည်းထားပြီး ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းမှာပါဝင်တဲ့ အချက် ၁၂၉ ချက်ထဲမှာ လက်ထပ်ထိမ်းမြားနိုင် တဲ့အသက်ဟာ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေအတိုင်းဖြစ်ရမယ်လို့ ထည့်သွင်းရေးဆွဲထားပါတယ်။

ဒါပေမဲ့ ဒီဥပဒေ မှုကြမ်းထဲမှာပဲ ထိမ်းမြားခြင်းစာချုပ်ချုပ်ဆိုရင် အသက်အရွယ်ဟာ ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပါရှိပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကတော့ အသက် ၁၈ နှစ်ပြည့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ပါမယ်ဆိုရင် ဓလေ့ထုံးစံအရ လက်ထပ်ထိမ်းမြားမှုတွေကို တရားမဝင် ဥပဒေချိုးဖောက်ရာ ရောက်သွားနိုင်တဲ့အတွက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်ဆိုတဲ့အချက်ကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က သဘောတူ ဆုံးဖြတ်လိုက်တဲ့ အဲဒီအချက်ကို ထောက်ခံသူတွေက တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းတာလို့ ပြောကြသလို ဝေဖန်ကန့်ကွက်သူတွေကလည်း အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအရ မသင့်တော်သလို လိင်အကြမ်းဖက်မှုတွေဖြစ်မှာ စိုးရိမ်တယ်လို့ပြောကြပါတယ်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ အဲဒီအတည်ပြုချက်နဲ့ ပတ်သက်ပြီး သူရဲ့စိုးရိမ်မှုကို အခုလိုပြောပါတယ်။

"တကယ့်တကယ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆိုရင် ဘင်္ဂါလီတွေ အများကြီးရှိတယ်၊ အဲဒီအတွက်ကြောင့်မို့ အန်တီတို့ အမြဲတမ်း ကန့်ကွက်နေကြပါတယ်၊ အသက် ၁၁ နှစ် မပြည့်သေးဘူး သူတို့တွေ အိမ်ထောင်ပြုနေတာတွေ့ရတယ်၊ အဲဒီအတွက် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာတွေရှိတယ်၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အခက်အခဲတွေရှိတယ်၊ အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီတွေလည်း ဒီဥပဒေနဲ့ အကျုံးဝင်သွားမှာကိုလည်း အန်တီတို့ စိုးရိမ်မှုတွေ အများကြီးရှိတယ်"

ကလေးငယ်တွေကို အိမ်ထောင်စောစောပြုခြင်းအားဖြင့် စောစောစီးစီးကိုယ်ဝန်ရတာ၊ မိခင်နဲ့ကလေး သေဆုံးမှုများတာ၊ ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေးအရလည်း မကောင်းနိုင်ဘူးလို့ ဝေဖန်တာတွေလည်းရှိပါတယ်။

မန်တုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးကတော့ အသက် ၁၈ နှစ်မတိုင်ခင် လက်ထပ်တဲ့ ဓလေ့က ပယ်သင့်တဲ့ဓလေ့လို့ ပြောပါတယ်။

"အမတို့ဆီမှာ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာက ဖြစ်သင့်တဲ့ ထုံးတမ်းစဉ်လာရှိသလို ဖျက်လို့မရတဲ့ ဓလေ့ထုံးတမ်းစဉ်လာဆိုတာလည်းရှိတယ်၊ ဒီဟာဆိုရင် ၁၈ နှစ်ဖြစ်ပြီး ဖြစ်သင့်တယ်၊ ဘာကြောင့်လည်းဆို အမျိုးသမီးတစ်ယောက်သည် သူ့ရဲ့ ခန္တာကိုယ်ဖွဲ့စည်းပုံ သူ့ရဲ့ဉာဏ်ရည်ပိုင်း ဆေးပညာအရကို ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်၊ ဖြစ်လည်းဖြစ်သင့်တယ်"

ဒါ့အပြင် တိုင်းရင်းသားဒေသအချို့မှာ အရွယ်မတိုင်ခင်လက်ထပ်တဲ့အတွက် အသက် ၁၈ နှစ်မတိုင်မီမှာ သား၊ သမီးရရှိနေတဲ့အတွက် စီးပွားရေး၊ ပညာရေးဆုံးရှုံးမှုတွေရှိတယ်လို့လည်းပြောပါတယ်။

ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အခုလို အတည်ပြုချက်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာမရှိဘူးလို့ အခုလိုပြောပါတယ်။

"ထိမ်းမြှားလက်ထပ်ခွင့်နဲ့ ပတ်သက်လာရင် သူတို့ရဲ့ ဓလေ့ထုံးတမ်းဥပဒေတွေနဲ့ ဆောင်ရွက်ရမှာကို ပြောခြင်းဖြစ်တဲ့အတွက်ကြောင့် ကျမတို့က ၁၈ နှစ်လို့ ဥပဒေအနေနဲ့ သတ်မှတ်ပေးလိုက်တာ မဟုတ်ဘူး၊ ဥပဒေမှာပါလာတဲ့ အဓိကအကြောင်းအရာက ဟိန္ဒူမှာလည်း သူ့ဓလေ့ ထုံးတမ်းဥပဒေရှိသလို၊ ခရစ်ယာန် မှာလည်း သူ့ဓလေ့ ထုံးတမ်းဥပဒေရှိသလို တခြားတိုင်းရင်းသားတွေမှာလည်း သူ့ဓလေ့ထုံးတမ်းဥပဒေတွေ ရှိတယ် အဲဒီအတွက်ကြောင့်မို့ ဒီဥပဒေတွေအပြင် ကျမတို့မှာ တည်ဆဲဥပဒေတွေလည်းရှိနေတယ်၊ ဒီဥပဒေတွေနဲ့ ထိန်းကျောင်းပြီးမှ ကလေးသူငယ်တွေရဲ့ လုံခြုံမှု၊ ကလေးသူငယ်တွေရဲ့ ဂုဏ်သိက္ခာ၊ သူတို့တွေရဲ့ ဆုံးဖြတ်နိုင် တဲ့ အခွင့်အရေး ဒါတွေအတွက်ကို ဥပဒေတွေနဲ့ ပြဌာန်းလိုက်တာဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ အငြင်းပွားစရာမရှိဘူးလို့ နားလည်ပါတယ်"

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အသက် ၁၈ နှစ်အောက်အရွယ်ကို ထိမ်းမြားခွင့်ပြုတာဟာ မြန်မာလူ့အဖွဲ့အစည်းအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိသလို ဒီအချက်ကို တလွဲအသုံးချပြီး ကလေးသူငယ်တွေအပေါ် လိင်အကြမ်းဖက်မှုတွေ ဆောင်ရွက်လာမှာကို စိုးရိမ်ရကြောင်း သူ့အမြင်ကို အခုလိုပြောပါတယ်။

"ကျနော်ရဲ့ တစ်ဦးခြင်း ပုဂ္ဂိုလ်ရေးအမြင်အရတော့ ၁၈ နှစ်အောက် ကလေးသူငယ်တွေကို လက်ထပ်ထိမ်းမြှား ခွင့်ဆိုတာကို သဘောမတူဘူး၊ ဒုတိယအချက်က ထုံးတမ်းစဉ်လာဆိုပြီးတော့မှ ဥပဒေတွေကို ပြင်ဆင်တာ ကိုလည်း သဘောမတူပါဘူး၊ တချို့ ဓလေ့ထုံးတမ်းတွေဟာ ခေတ်နဲ့ မလျှော်ညီဘူးဆိုရင် လက်ခံစရာ မလိုတော့တဲ့ ထုံးတမ်းစဉ်လာတွေရှိတာပဲ၊ အဲဒီအတွက်ကြောင့် ဒါကိုလည်း ကျနော်တို့ စဉ်းစားဖို့လိုပါတယ်၊ နံပါတ် ၃ အချက်ကတော့ လက်ရှိတည်ဆဲဥပဒေတွေနဲ့ နိုင်ငံတကာစာချုပ်တွေကို မြန်မာက လက်မှတ်ထိုးထားတဲ့ အမျိုးသမီးများနဲ့ ပတ်သက်တဲ့စာချုပ်တွေ၊ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို လိုက်နာမှု ရှိ၊ မရှိ ကိုက်ညီမှု ရှိ၊ မရှိ လေ့လာဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်"

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ အတွင်းရေးမှူး ဦးကျော်စိုးလင်းက လက်ထပ်ရမယ့်အသက်ကို ဓလေ့ထုံးတမ်းတွေကို ပယ်ပြီး ၁၈ နှစ်လို့ သတ်မှတ်ရင် ဆန့်ကျင်ကွဲလွဲမှုတွေဖြစ်မယ်လို့ အခုလိုပြောပါတယ်။

"နောက်ကနေပြီးတော့ ၁၈ နှစ်လို့ ထည့်လိုက်ရင် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်ကွဲလွဲနေတာ လည်းဖြစ်နိုင်ပါတယ်၊ နောက်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃၆၅ မှာလည်း ဓလေ့ထုံးတမ်းစဉ်လာတွေ လိုက်နာ ရမယ်လို့ ပါတဲ့အခါမှာ ဓလေ့ထုံးတမ်းတွေကို ကျနော်တို့က ပယ်ပြီးတော့ ၁၈ နှစ်လို့ သတ်မှတ်လိုက်ရင် ဒါက ဆန့်ကျင်မှုဖြစ်သွားနိုင်ပါတယ်"

ဒါ့အပြင် မြန်မာဓလေ့အရ ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်တာရှိသလို လက်ဖက်တရိုး၊ ကွမ်းတရိုးကျွေးရုံနဲ့ အကြင်လင်မယားဖြစ်တာစတဲ့ တိုင်းရင်းသားဓလေ့တွေလည်းရှိတယ်လို့ ပြောပါတယ်။

NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်ကတော့ ဒီဥပဒေပေါ်မှာ ပြည်သူအများက ဝေဖန်မှုတွေရှိနေရင် ပြည်သူတွေ ဝေဖန်ထောက်ပြတာကို နားထောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်လို့ရတဲ့ အခွင့်အရေး ရှိနေသေးတယ်လို့ အခုလို ပြောပါတယ်။

"ဝေဖန်ထောက်ပြမှုရှိရင်တော့ သူတို့ပြန်လည်ဆန်းစစ်ရမှာပေါ့ဗျာ၊ မူကြမ်းအခြေအနေမှာတင် ကျနော်တို့ တိုင်းပြည်နဲ့ညီညွတ်မှုမရှိဘူး၊ ဥပဒေမှာ အတည်ပြုလိုက်တာဖြစ်နိုင်ပါတယ်၊ လက်ရှိအခြေအနေမှာ ညီညွတ်မှုမရှိဘူးလို့ ထောက်ပြရင် ကျနော်တို့လည်း ပြုပြင်သင့်ရင် ပြုပြင်မှာပေါ့၊ ကျနော်တို့ ပြည်သူတွေ ဝေဖန်ထောက်ပြတာကို နားထောင်မှာပေါ့၊ အခုထောက်ခံမဲ ပေးခဲ့ပေမဲ့ ပြည်ထောင်စုမှာ ပြန်ပြီးတော့ ပယ်ချလို့ရပါတယ်"

ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကို အမျိုးသားလွှတ်တော်ကို ထပ်မံပေးပို့မှာဖြစ်ပါတယ်ခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။