ကားပိတ်ဆို့မှု သစ်သီးကုန်စည်ဒိုင် သတင်းစာရှင်းလင်းပွဲလုပ်


2018.12.30

 

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ ဖရဲနဲ့ သခွားမွှေးကားတွေ ပိတ်ဆို့မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြပါတယ်။

RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားပိတ်ဆို့မှု သစ်သီးကုန်စည်ဒိုင် သတင်းစာရှင်းလင်းပွဲလုပ်
(ရဲထက်)

မူဆယ် သစ်သီးကုန်စည်ဒိုင်ဝင်းထဲမှာ သစ်သီး စိုက်တောင်သူတွေ၊ သစ်သီးကုန်သည်တွေ၊ ကားသမားတွေ၊ အားလုံးစုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။
လက်ရှိပိတ်ဆို့နေတဲ့ သစ်သီးကားတွေ အခြေအနေနဲ့ ပတ်သက်လို့ သစ်သီးဒိုင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက အခုလိုပြောပါတယ်။

"ဒီနေ့လည်း ကျနော်တို့ ဖရဲသီး မရောင်းကြသေးပါဘူး။ မရောင်းတာ ၂၇ ၂၈ ၂၉၊ ၃ရက်ရှိပါပီ။ အခု ကျနော်တို့ ကျန်နေတဲ့ ကားအစီး ၁၀၀၀ ကျော်သွားပါပြီ။ ကျနော်တို့ဟာ ကျူကုတ် ပန်ဆိုင်းလမ်း အတိုင်း ဆက်သွားရင် လမ်းက တအားကျဉ်းတယ်။ ပန်ဆိုင်းမြို့တွင်းမှာလည်း တအားကျဉ်းတယ်။ ဖရဲသီးသမားတွေလည်း အားလုံးဒုက္ခဖြစ်နေပြီ။ ကားသမားတွေလည်း ဒုက္ခဖြစ်နေပါပြီ။ ပန်ဆိုင်းမြို့ထဲကလူတွေလည်း ဒုက္ခဖြစ်နေပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး သိရှိသွားအောင် သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်ပါတယ်"

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပတ်သက်လို့ တရုတ်ဘက်က စစ်ဆေးရေးဂိတ်တွေ တိုးဖွင့်ပေးတာ စစ်ဆေးတဲ့ တာဝန်ချိန်ကို တိုးပီးတော့ လုပ်ဆောင်ပေးတာတွေ ဖြေလျှော့ပေးတာတွေရှိပေမယ့် မြန်မာနိုင်ငံဘက်မှာ တပ်မတော်က လုံခြုံရေးအရ ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ ဦးစိုင်းမြင့်ဘိုက ပြောပါတယ်။

ကျင်စန်းကျော့ဂိတ်ကို ပိတ်ထားတာကတော့ မြန်မာနိုင်ငံဘက်က တပ်မ ၁၁ လက်အောက် ခလရ ၂၁၁ က လုံခြုံရေးအရ ပိတ်ထားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တပ်မ ၁၁ က ပိတ်ဆို့ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေး ကိုဆက်သွယ်ရာမှာ မူဆယ်- ကျင်ဆန်ကျော့ လမ်းကြောင်းဟာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ခွင့်ပေးထားတဲ့ လမ်းကြောင်း မဟုတ်တာကြောင့် တပ်မတော်က တားဆီးထားတာဖြစ်ကြောင်း RFA ကို အတည်ပြုပြောဆိုပါတယ်။

လောလောဆယ် သစ်သီးကားတွေ သွားလာရ ပိုအဆင်ပြေအောင် ကျင်စန်းကျော့ ဂိတ် အပြင် ကြူကုတ်ပန်ဆိုင်း ဂိတ်ကိုပါ ဖွင့်ပေးဖို့ ကုန်သည်တွေက လိုလားနေကြပါတယ်။
အခုလို ကုန်ပစ္စည်းတင်ပို့မှုကို မြန်မာဘက်က ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ စတင် ပိတ်လိုက်တာကြောင့် ကားတွေ ထောင်ချီပြီး ၁၀၅ မိုင်မှာ ပိတ်မိနေတာကြောင့် ကုန်သည်တွေအနေနဲ့ အခက်အခဲတွေနဲ့ ဆုံးရှုံးမှုတွေများကြောင်း ရန်ကုန်တိုင်း ခရမ်းမြို့နယ်က ကုန်သည်တစ်ဦးက အခုလို ပြောပြပါတယ်။

"ကားတွေက ၂၄ ရက်နေ့ကတည်းက ရောက်နေပါတယ်။ ကျင်စန်းကျော့ဂိတ်က ပိတ်လိုက်တယ်ဆိုပြီး အခု မန်ဝိန်းပေါက်က ၂၈ ရက်နေ့ ဖွင့်ပါတယ်။ အဲဒီအတွက် လမ်းမပေါ်မှာ မရောင်းချသေးတဲ့ ကားတွေက ၄၀၀ ကျော်လောက်ကျန်ပါသေးတယ်။ ကျမ တောင်သူတစ်ယောက်အနေနဲ့ အမြန်ဆုံး ကျင်စန်းကျော့ ဂိတ်ရော ကြူကုတ်ပန်ဆိုင်း ဂိတ်ကို အမြန်ဆုံး ၂ ခုလုံး ဖွင့်ပေးစေချင်ပါတယ်။ အမြန်ဆုံး အခက်အခဲများကို ကူညီပေးကြပါ"

ကားတွေပိတ်နေတာတွေနဲ့ ဂိတ်တွေလည်း ပိတ်ထားတာကြောင့် သစ်သီးကုန်သည်တွေ သစ်သီးစိုက်တောင်သူတွေ ဆုံရှုံးနစ်နာနေတဲ့အပြင် ကားသမားတွေလည်း နစ်နာမှုတွေ ရှိတဲ့အကြောင်း ကားသမားတစ်ယောက်ကလည်း ပြောပါတယ်။

"၂ ည အိပ် ၃ ရက်ရှိသွားပီ အသီးတွေကလည်း သိပ်ကြာသွားရင် မကောင်းတော့ဘူး ကျနော်တို့ ကားသမားတွေလည်း နေရစားရသောက်ရတာလည်း ဒုက္ခရောက်ပါတယ်။ ကျနော်တို့ ကားခလည်းမရ ပါလာတဲ့ ပိုက်ဆံလည်း ကုန်နေပြီ။ ကျနော်တို့ကို ဘယ်သူက တာဝန်ယူမှာလည်း ဘယ်သူမှ တာဝန်မခံဘူး ဖြစ်နေတယ်။ ကုန်သည်ဆက်တော့ ပွဲစားကို ပုတ်ထုတ်တယ် ပွဲစားကိုပြောတော့လည်း ကုန်သည်ကို ပုတ်ထုတ်တယ်"

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တွေအပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးကနေ ထွက်ရှိတဲ့ ဖရဲနဲ့ သခွားမွှေးတွေကို ကုန်သည်တွေက တရုတ်နယ်စပ်မှာ လာရောက် ရောင်းချကြတာဖြစ်ပါတယ်။

ဖရဲသီးကားတစ်စီး ဆုံးရှုံးနစ်နာမှုမှာ ကားခ၊ အခွန်၊ အလုပ်သမားခ အပါအဝင် သိန်း ၄၀ ကျော်ဖြစ်ပြီး သခွားသီးကား တစ်စီးဆိုရင် သိန်း ၆၀ ကျော် ဆုံးရှုံးနေတာဖြစ်ပါတယ်။
အခုပိတ်မိနေတ ကားအစီးရေဟာ တစ်ထောင်ကျော် ရှိနေပြီလို့ ကုန်သည်တွေက ပြောကြပါတယ်။

ဒီကိစ္စကို ကူညီဖြေရှင်းပေးဖို့ သစ်သီးကုန်စည်ဒိုင်တွေက မြန်မာအစိုးရ တာဝန်ရှိသူတွေကို တင်ပြထားသလို တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းနေတယ်လို့ သိရပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။