ကြားဖြတ်ရွေးကောက်ပွဲရလဒ် ပြန်လည်သုံးသပ်ရေးအဖွဲ့ ဖွဲ့မည်

2018-11-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ၇ နေရာသာ အနိုင်ရခဲ့တဲ့အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် အပါအဝင် အဖွဲ့ဝင် ၅ ဦးပါတဲ့ ပြန်လည်သုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ NLD ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင် က ပြောလိုက်ပါတယ်။

နေပြည်တော် စည်ပင်ရိပ်သာ အစည်းအဝေးခန်းမမှာ ဒီနေ့ညနေကကျင်းပတဲ့ ပါတီရဲ့ လစဉ်ပုံမှန် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲရလဒ် မျှော်လင့်သလို ဖြစ်မလာတာဟာ ကိုယ်စားလှယ်လောင်းတွေ၊ မြို့နယ်နဲ့ ရပ်ကျေးစည်းရုံးရေးအဖွဲ့ဝင်တွေသာမက ဝန်ကြီးချုပ်တွေမှာပါ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေတို့ စည်းဝါးကိုက်ထားတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် က အခုလိုငြင်းလိုက်ပါတယ်။

"သံတော်ဆင့်ထဲမှာပါတာ သတိထားမိလား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း ထားတယ်ဆိုတာ မဟုတ်ဘူးနော်၊ ဒါကျနော့်ဆီကထွက်တဲ့သတင်း ဒါတွေက ယုံထင်ကြောင်ထင်ဖြစ်အောင် လုပ်တာဗျ၊ လူထုအထင်အမြင်လွဲအောင်လုပ်တာ၊ ၂၀၂၀မှာ ကျနော်တို့ညှိထားတယ်ဆိုတာ ကျနော်တို့ အတွက်တော့ အကျိုးသက်ရောက်မှုကြီးတယ်နော်၊ ဒါမဟုတ်ဘူး၊ ကျတော်တို့ ဘာမှလုပ်လို့မရသေးလို့ မဟုတ်ဘူးဆိုတာတော့ပြောတယ်နော်၊ ဘယ်သူနဲ့မှ မညှိနှိုင်းထားဘူး၊ ရှေ့မှာတော့ တစ်မျိုးပြောတယ် ရဋ္ဌပါလဆိုပြီး၊ အလယ်မှာတော့ ဘယ်သူကပြောတာလည်းဆိုတော့ လက်ပံတန်းက ကိုယ်စားလှယ်ကပြော ပါတယ်တဲ့၊ မဟုတ်ဘူးဗျ ကျနော်တို့ကို အတည်ပြုချက်ယူဖို့ကောင်းတာပေါ့ဗျာ သံတော်ဆင့်က၊ ဟုတ်သလား ဆိုတာ CEC မေးလို့ရတာပေါ့ဗျာ"

ဒါ့အပြင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲကိစ္စက အရေးကြီးတဲ့အကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က အခုလိုပြောပါတယ်။

"ကြိုတင်မဲဆိုတာ သင်ခန်းစာယူရမယ်၊ သူ့မှာမဲပေးပိုင်ခွင့်ရှိတဲ့ အရည်အသွေးတွေ ရှိပြီးသားလေ၊ ၂၀၂၀ အတွက်ကတော့ ကြိုတင်မဲကိစ္စက အရေးကြီးပါတယ်၊ ခင်ဗျားတို့လည်း ကြုံဖူးပြီးသားပါဗျာ၊ ကျနော်တို့ တပ်မဲ တစ်ခါမှ မရခဲ့ဘူးဘူး၊ လူ ၁၀၀ မှာ ၁၀၀ လုံးက တခြားပါတီ တစ်ခုတည်းပေးတယ်ဆိုတာ ဖြစ်နိုင်သလား ပြန်စဉ်းစားလေ၊ ဒီမိုကရေစီစနစ်လေ ဟုတ်တယ်မှတ်လား၊ ကျနော်တို့ ၁၉၉၀ ရွေးကောက်ပွဲထဲက တပ်မဲမရခဲ့ဘူးဗျ၊ ၂၀၁၅ မှာလည်းတပ်မဲမရဘူး၊ အခုလည်းမရဘူး၊ ဒါဘယ်လိုဖြစ်တာလည်း မေးပါ၊ ဒါကို ခင်ဗျားတို့ဆောင်းပါးရေးရမယ်ထင်တယ်"

ပြီးခဲ့တဲ့နိုင်ဝင်ဘာလ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ မဲပေးသူ ၇ သောင်းနီးပါးမှာ ကြိုတင်မဲ ၆ ထောင်ကျော်ရှိပြီး တပ်ကြိုတင်မဲက လေးထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီမဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့တဲ့အပေါ် NLD ပါတီကိုယ်စား လှယ်လောင်းနဲ့ ကချင်ပါတီကိုယ်စားလှယ်လောင်းတွေက မဲရလဒ်ကို လက်မခံနိုင်ဘူးဆိုပြီး ပြောခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ရေးအဖဲ့ွ ဖွဲ့သွားမယ့်အကြောင်း ကိုလည်း ဒေါက်တာဇော်မြင့်မောင် က အခုလိုပြောပါတယ်။

" NLD အပေါ်ထောက်ခံမှုကျတယ်ဆိုတာက၊ ဒီဟာတွေအပေါ် သုံးသပ်ရေးကော်မတီ ဒီနေ့ဖွဲ့လိုက်ပြီ အဲကနေပြန်ပြီး အတိအကျသုံးသပ်ပါမယ်၊ အခုကတော့ သုံးသပ်ထားတာရှိတာပေါ့နော်၊ ဥပမာ မြစ်ကြီးနားမှာ ရနေကြမဲထက်ကျသွားတယ်၊ အရင်တုန်းက လေးသောင်းကျော်ရတယ်၊ အခု တစ်သောင်းကျော်ပဲရတယ်၊ ဘာကြောင့်လည်းဆို မဲလာမပေးဘူးဆိုတာပဲ သုံးသပ်လိုက်တာပေါနော်၊ ဒါပေမဲ့ တခြားပါတီကရော မဲရသလားဆိုရင် အရင်ကအတိုင်းပဲ ၂၀၁၅ ကအတိုင်းပါပဲ၊ ကျနော်တို့ဆီမှာ အချက်အလက်တွေရှိပါတယ်၊ နောက်ပိုင်းကျရင် သုံးသပ်ရေးကော်မတီက အတိအကျပါပါလိမ့်မယ်၊ ထောက်ခံမှုကျသွားတယ်ဆိုတာတော့ အဲလိုတော့ကျနော်မမြင်ပါဘူး၊ မန္တလေးတိုင်းမှာ ကျနော်တို့အကုန်နိုင်တာပဲလေ"

ဒီကနေ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒေါက်တာဇော်မြင့်မောင်၊ ဦးဖြိုးမင်းသိန်း၊ ဦးညီပု၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါက်တာမျိုးညွှန့်တို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့