ရခိုင်ပြည်နယ်စစ်ပွဲတွေကြားက ခမီတိုင်းရင်းသားများ

2019-01-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ခမီတိုင်းရင်းသားတွေဟာ ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာမှာ ခိုလှုံနေကြရပါတယ်။

ဒီဒုက္ခသည်တွေရဲ့အခြေအနေတွေကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က သတင်းပေးပို့ထားပါတယ်။

~~~~~~~~~~
ရခိုင်ပြည်နယ်စစ်ပွဲတွေကြားက ခမီတိုင်းရင်းသားများ

(မင်းသိန်းအောင်)

■ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်မှုအများဆုံးကြုံရသူတွေအထဲမှာ ခမီတိုင်းရင်းသား မျိုးနွယ်စုတွေလည်း ပါဝင်ပါတယ်။

AA နဲ့ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ် ဗောဓိကိုင်း၊ နေပူခံနဲ့ ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာက အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ခမီတိုင်းရင်း ၄၅၀ ခန့်ဟာ ပဲသဒူနဲ့ ဒုံးသိမ်ကျေးရွာတွေမှာ မှီခိုနေထိုင်နေကြရတာဖြစ်ပါတယ်။

"လက်နက်ကြီးတွေနဲ့ တိုက်ပွဲသံတွေကို ကျနော်တို့ သုံးရက်တိုင်တိုင် ကြားခဲ့ရတဲ့အချိန်မှာတော့ ကျေးရွာသားတွေအားလုံး ကြောက်ရွံ့သွားခဲ့ရပါတယ်။ ထမင်းတောင်မစားရဘဲ တောထဲကို ထွက်ပြေးသူပြေး၊ ချောင်းထဲ ဆင်းပြေးသူပြေးနဲ့ မခံမရပ်နိုင်လို့ ကျနော်တို့ ထွက်ပြေးလာခဲ့ရတာပါ" လို့ ဗောဓိကိုင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ ဦးသာကျော်က ပြောပါတယ်။

ဗောဓိကိုင်းနဲ့ နေပူခံကျေးရွာသား ၁၈၀ ကျော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့လောက်ကနေစလို့ သက်ပြေကျကျေးရွာကို ကနဦးထွက်ပြေးခဲ့ကြရတာဖြစ်ပြီး အဲဒီနောက် ပဲသဒူကျေးရွာအနီးမှာ ယာယီအခြေချဖို့ ဆက်လက်ရောက်ရှိနေကြတာပါ။

ထွက်ပြေးလာသူတွေထဲမှာ သူငယ်တန်းကနေ တတိယတန်းအထိ ကျောင်းတက်နေတဲ့ ကလေးငယ် ၅၀ ခန့်ပါဝင်ပြီး ကလေးတွေရဲ့ပညာရေးကို ဘယ်လိုရှေ့ဆက် လုပ်ဆောင်ရမယ်ဆိုတာကို ဒီနေ့အချိန်အထိ ရေရေရာရာ မသိရှိရသေးပါဘူး။

"ကလေးသူငယ် ကျောင်းသူ၊ ကျောင်းသားတွေကို ဒီနေရာက ရွာတွေမှာဖြစ်ဖြစ် တွဲပြီးသင်ရမလား၊ ဒီစခန်းမှာ ယာယီကျောင်းဆောက်ပြီးသင်ရမလားဆိုတာ စဉ်းစားနေပါတယ်" လို့ ဗောဓိကိုင်းကျေးရွာကနေ ထွက်ပြေးရောက်ရှိနေတဲ့ ဦးထွန်းက ပြောပါတယ်။

ခမီတိုင်းရင်းသားတွေဟာ တောတောင်တွေကို အဓိကမှီခိုပြီး သစ်ခုတ်၊ ဝါးခုတ်လုပ်ငန်းတွေ တောင်ယာ လုပ်ငန်းတွေနဲ့ အဓိကအသက်မွေးဝမ်းကျောင်း ပြုကြသူတွေဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးတွေအပြင် အဖက်ဖက်က နိမ့်ကျသူတွေဖြစ်ကြပါတယ်။ ဆယ်တန်းကို သင်ဖူးသူဆိုလို့ မရှိသလောက် နည်းပါးကြတာလည်းဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာသား ကိုကျော်ကျော်နိုင်ကတော့ ကလေးတွေရဲ့ အနာဂတ်ကို တွေးမိတိုင်း စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

"ကျနော်တို့ လူငယ်တစ်ယောက်ရဲ့ အမြင်ကတော့ တော်တော်လေး တုန်လှုပ်မိတာပေါ့။ ကိုယ်ကလည်း ပညာရေးပိုင်းမှာ အားနည်းတယ်။ အခုကလေးတွေကလည်း ပညာမသင်ရရင် ကျနော်တို့လိုဖြစ်နေမှာ စိုးလို့ပေါ့နော် တော်တော်လေးကို စိုးရိမ်တယ်။ ဒီအကြောင်းတွေကို တွေးမိရင် ဝမ်းနည်းမိပါတယ်"

ကိုကျော်ကျော်နိုင် အပါအဝင် အလယ်ချောင်းကျေးရွာက လူ ၂၆၀ ကျော်ဟာ ကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာမှာ ခိုလှုံနေကြရတာပါ။

ကိုကျော်ကျော်နိုင်ဟာ အဲဒီနေ့က ခမီတိုင်းရင်းသားတွေ အသက်လုထွက်ပြေးခဲ့ကြရတာကို သူ့ရဲ့ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာမှာ မှတ်တမ်းဗီဒီယို ထုတ်လွှင့်ခဲ့သူလည်းဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာအနီးက စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီး RFA က မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေအရ လူဦးရေ ၁၈၀ ကျော်ဟာ ယာယီတဲတွေနဲ့ဖြစ်သလို နေထိုင်နေကြရပြီး အိမ်သာဆိုလို့ တစ်လုံးမှတောင် မတွေ့ခဲ့ရသလို ရေရှားတဲ့ပြဿနာကြောင့် သောက်သုံးရေရဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာကိုလည်း မြင်တွေ့ရပါတယ်။

ဒါ့အပြင် ကျန်းမာရေးပညာပေးမှုတွေနဲ့ အဝတ်အထည်တွေ၊ စားနပ်ရိက္ခာအကူအညီတွေပါ လိုအပ်နေဆဲပါ။

ခမီတိုင်းရင်းသားတွေရဲ့ အနာဂတ်ဟာ ဝေဝါးနေဆဲဖြစ်တယ်လို့ ခမီတိုင်းရင်းသားတစ်ဦးလည်းဖြစ် ရခိုင်တိုင်း ရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

"သူတို့ရဲ့ဘဝမှာ အားကိုးရမယ့်သူတွေရယ်၊ နောက်ပြီးတော့ သူတို့ကိုလုံခြုံအောင် ထိန်းသိမ်းနိုင်မယ့် ပုဂ္ဂိုလ်ရယ်ဆိုတာ နိုင်ငံတော်ကတဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုတွေလည်း မရှိတဲ့အတွက် သူတို့ရဲ့ဘဝအနာဂတ်ဟာ မရေမရာဖြစ်နေတယ်။ နောက်ပြီး ပိုပြီးတော့ သေချာတာတစ်ခုက သူတို့တွေတောင်မကဘူး အဲဒီဒေသမှာရှိနေတဲ့လူတွေပါ ဒုက္ခရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဒေသကလူတွေလည်း တောတောင်ကိုမှီပြီးတော့ စားနေရတဲ့အချိန်မှာ သူတို့ရဲ့ ရာသီပေါ်စိုက်ခင်းတွေကိုလည်း လုပ်ဆောင်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီတော့ အဲဒီရွာမှာရှိနေတဲ့ လူတွေရော အပြင်ကလာတဲ့ ဒုက္ခသည်တွေရော အကုန်လုံး ဒုက္ခရောက်မှာဖြစ်တယ်။ အဲတော့ ကျနော်တို့က ဒီလိုပြဿနာမျိုးတွေကို ဒီလိုပဋိပက္ခမျိုးတွေကို ဆက်ပြီးတော့ မဖြစ်အောင်တော့ တစ်ခုခုလုပ်သင့်ပြီလို့ မြင်ပါတယ်"

ခမီတိုင်းရင်းသားတွေဟာ တစ်နေ့စာကိုတစ်နေ့ ရှာဖွေရုန်းကန်နေရသူတွေဖြစ်တာကြောင့် နေရပ်ပြန်မယ်ဆိုရင်တောင် စားဝတ်နေရေး အခက်အခဲပြဿနာကို ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ သစ်၊ ဝါး လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ မရှိတော့တာကြောင့် အဲဒီလုပ်ငန်းနဲ့ အဓိကရပ်နေကြရတဲ့ ခမီတိုင်းရင်းသားတွေအတွက် ပိုပြီးအခက်အခဲဖြစ်စေတာဖြစ်ပါတယ်။

ရခိုင်တိုင်း ရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကတော့ စစ်ဘေးဒုက္ခသည် စခန်းတွေဟာ ရေရှည်မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

"ရေရှည်တော့ မဖြစ်သင့်ဘူးပေါ့နော်။ သူတို့ဒီနေရာမှာ ဒီအတိုင်းဆက်သွားဖို့အတွက်ကို အဆင်မပြေဘူး။ ဖြစ်နိုင်လို့ရှိရင်တော့ တိုက်ပွဲတွေအေးချမ်းပြီးတော့မှ သူတို့နေရပ်ကိုပြန်၊ အဲဒီမှာ နဂိုမူလအတိုင်း လုပ်ကိုင်စားသောက်လို့ရတဲ့ အနေအထားမျိုးဖြစ်သင့်တယ်ပေါ့။ ဒါပေမဲ့ လောလောဆယ်ကတော့ အဆင်မပြေပေမယ့် နေနေကြရတဲ့သဘောဖြစ်ပါတယ်"

ရခိုင်တိုင်း ရင်းသားမျိုးနွယ်များအစည်းအရုံးက ပဲသဒူကျေးရွာအနီးက စစ်ဘေးဒုက္ခသည် စခန်းအတွက် သောက်သုံးရေ ရရှိရေးကြိုးပမ်းနေသလို စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တာတွေကို အလှူရှင်တွေရဲ့ အကူအညီနဲ့ စနစ်တကျဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာကနေ ဒုံးသိမ်ကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ဦးထွန်းအောင်ကတော့ ကိုယ့်နေရပ်မှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် စစ်ပွဲတွေကို ရပ်ဆိုင်းပေးစေချင်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ ဆန္ဒကိုပြောရမယ်ဆိုလို့ရှိရင် တိုက်ပွဲဆိုတာက ပြည်သူလူထုတွေလည်း အနစ်နာခံရတယ်၊ နောက်ပြီးတော့ လုပ်ကိုင်စရာလည်းမရှိတဲ့အတွက် ဒီတိုက်ပွဲတွေကို ရပ်စေချင်ပါတယ်"

တပ်မတော်က AA ရက္ခိုင့်တပ်မတော်ကို နှိမ်နင်းရေးတွေ လုပ်ဆောင်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် နေရပ်ပြန်ဖို့ဆိုတာ မရေရာသေးတဲ့ အခြေအနေတစ်ရပ် ဖြစ်နေပါတယ်။

စစ်ဘေးဒုက္ခသည်တွေကတော့ တိုက်ပွဲတွေကင်းစင်တဲ့ အခြေအနေတစ်ရပ်ဆီကို အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်ပေးဖို့ လိုလားနေကြပါတယ်။

အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စာရင်းအရ ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ် ၄ ခုမှာ စစ်ဘေးဒုက္ခသည် ဦးရေ ၆၀၀၀ ခန့်ရှိနေပြီး အဲဒီအထဲမှာ ခမီတိုင်းရင်းသား စစ်ဘေးဒုက္ခသည် ဦးရေဟာ ၁၆၀၀ ခန့်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့