စစ်မြေပြင်က သွေးမအေးတဲ့ ရွှေနွယ်သွေးသံချပ်

စောဖိုးခွါး(ဝါရှင်တန်ဒီစီ)
2022.04.14
စစ်မြေပြင်က သွေးမအေးတဲ့ ရွှေနွယ်သွေးသံချပ် သွေးမအေးတဲ့ ရွှေနွယ်သွေး သံချပ်အဖွဲ့။
Photo: Citizen Journalsit

စစ်ကိုင်းတိုင်းကို အာဏာသိမ်းစစ်ကောင်စီက ကြည်းကြောင်းသာမက လေကြောင်းပါသုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တိုက်လေယာဉ်တွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရ၊ ဖမ်းဆီးသတ်ဖြတ်ခံရ၊ အသက်လုထွက်ပြေးနေရပေမယ့် လူငယ်တွေဟာ အခု သင်္ကြန်ကာလမှာ စစ်အာဏာရှင်ကို သံချပ်ထိုး ဆန့်ကျင်နေကြတာလည်း ဖြစ်ပါတယ်။

ရွှေနွယ်သွေး သံချပ်အဖွဲ့ကတော့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရွာပေါင်းစုံက ဆန္ဒပြလူငယ်တွေ စုစည်းဖွဲ့ထားတဲ့ အဖွဲ့ပါ။ ၁ဝ တန်းကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေ ၁၈ နှစ်အောက်လူငယ်တွေ အများဆုံး ပါပါတယ်။

သွေးမအေးတဲ့ ရွှေနွယ်သွေးဆိုတာကတော့ တော်လှန်ရေးမှာ ဘယ်တော့မှ သွေးအေးသွားမှာ မဟုတ်ဘူး၊ တစ်ယောက် ရှိရင် တစ်ယောက်တော်လှန်မယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ဆိုတာ ပြည်သူလူထုကို အကာအကွယ်ပေးဖို့၊ တိုင်းတစ်ပါးရန်ဆွယ်ကို ခုခံတိုက်ခိုက်ဖို့ ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ စစ်တပ်ကတော့ ကိုယ့်ပြည်သူလူထုကို ညှဥ်းပန်းနှိပ်စက်ကြောင်း ရွှေနွယ်သွေးအဖွဲ့က သံချပ်ထိုးထားပါတယ်။

တိုင်းပြည်တစ်ပြည်မှာ ပြည်သူလူထုဟာ အရေးအကြီးဆုံးဖြစ်ပြီး ပြည်သူလူထုဆန္ဒမပါရင် ဘယ်သူမှ အုပ်ချုပ်လို့မရဘူးလို့လည်း ရွှေနွယ်သွေးအဖွဲ့က ဆိုပါတယ်။

ကမ္ဘာကြီးဟာ ရွာတစ်ရွာဖြစ်နေပြီလို့ ဆိုကြတဲ့ အိုင်တီနည်းပညာခေတ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေကိုလည်း ရွှေနွယ်သွေးအဖွဲ့က ပြက်ရယ်ပြုထားသလို၊ တူမီးသေနတ်တွေ ကိုင်စွဲပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြန်ခုခံနေတဲ့ စစ်ကိုင်းတိုင်းရဲ့ သမိုင်းဟာ ဘယ်တော့မှ မရိုင်းဘူးလို့လည်း ဆိုထားပါတယ်။

လူငယ်တွေ ဦးဆောင်တဲ့ ဒီ ၂၁ ရာစုနွေဦးတော်လှန်ရေးဟာ အောင်ကိုအောင်ရမယ်လို့ ရွှေနွယ်သွေးအဖွဲ့သားတွေက ယုံကြည်ထားကြပါတယ်။

သင်္ကြန်ပြီးသွားရင်တော့ ဒီရွှေနွယ်သွေးသံချပ်အဖွဲ့သားတွေဟာ အရင်လိုပဲ စစ်ကိုင်းတိုင်းထဲက ရွာတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဆုံးတိုင်တဲ့အထိ ဆန္ဒဆက်ပြသွားကြဦးမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။