စစ်အာဏာသိမ်းပြီး ၁၆ လအတွင်း ပေါက်ကွဲမှုကြောင့် အရပ်သား ၁၁၉ ဦး သေဆုံး၊ ၃၀၉ ဦး ဒဏ်ရာရ

2022.07.13
စစ်အာဏာသိမ်းပြီး ၁၆ လအတွင်း ပေါက်ကွဲမှုကြောင့် အရပ်သား ၁၁၉ ဦး သေဆုံး၊ ၃၀၉ ဦး ဒဏ်ရာရ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမှ ဘားလမ်းမှတ်တိုင်အနီးတွင် ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သည့် နေရာအား တွေ့ရစဉ်
Photo: Citizen Journalist

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မေလကုန်အထိ ၁၆ လအတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သား ၁၁၉ ဦး သေဆုံးခဲ့ပြီး ၃၀၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေး များရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။

အဲဒီ ၁၆ လအတွင်း ပေါက်ကွဲမှု ၂၄၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက် ပြီး စနစ်တကျ ပြုစုထားတဲ့ ယူနီဆက်မြန်မာရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှု မတိုင်ခင်က ပေါက်ကွဲမှုနဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ယှဉ်ရင် စစ်အာဏာသိမ်းပြီးနောက် ပေါက်ကွဲမှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေ သိသိသာသာ တက်လာပါတယ်။

စစ်အာဏာမသိမ်းခင်ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစီရင်ခံစာမှာ ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေါက်ကွဲမှု ၁၂၄ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး သေ ဆုံးသူ ၆၂ ဦး နဲ့ ဒဏ်ရာရသူ ၁၄၇ ဦးသာ ရှိခဲ့တာပါ။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှု ၁၆၁ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံး သူ ၈၆ ဦး၊ ဒဏ်ရာရသူ ၁၈၀ ဦး ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကနေ မေလအထိထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပေါက်ကွဲမှု ၈၃ ကြိမ် ဖြစ်ပွားကာ သေဆုံးသူ ၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၉ ဦးရှိခဲ့တာပါ။ ဒါ့ကြောင့် အာဏာသိမ်း ၁၆ လအတွင်း ပေါက်ကွဲမှု ၂၄၄ ကြိမ်မှာ သေဆုံးသူ ၁၁၉ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၀၉ ဦးအထိရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ နိုင်ငံတစ်ဝန်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကို ပစ်မှတ်ထားပေါက်ကွဲမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ မပါဝင်ဘူးလို့ ယူနီဆက် မြန်မာရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။