၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနား ကျင်းပ

2014-01-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာကျင်းပတဲ့ ၇၅ နှစ်မြောက် ၁၃ဝဝ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကို မြင်ရစဉ်
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာကျင်းပတဲ့ ၇၅ နှစ်မြောက် ၁၃ဝဝ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကို မြင်ရစဉ်
photo: RFA/ Kyaw Zaw Win

၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပရာမှာ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ သခင် ဦးဘသော်နဲ့ အာဠာဝက သခင်ဘိုးလှကြီးရဲ့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဝေ တို့ပါ တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ အရေးတော်ပုံ ၇၅ နှစ်မြောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့လိုက်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်က မြန်မာ့သဘာဝဓါတ်ငွေ့တွေနဲ့ အိမ်နီးခြင်း နိုင်ငံတွေ မီးလင်းနေချိန်မှာ မြန်မာပြည်သူတွေ အမှောင်ထဲမှာရှိနေဆဲဖြစ်ကြောင်း သ၀ဏ်လွှာမှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာကို အခမ်းအနားဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် ဦးကျော်အောင်က အခုလို ဖတ်ကြားခဲ့ပါတယ်။

“ကျမတို့တိုင်းပြည်ဟာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံပါ၊ ရေနံထွက်တဲ့ တိုင်းပြည်မှာ ၁၃ဝဝ ပြည့်ကာလက မီးထွန်းစရာ ရေနံဆီမရှိလို့ ရေနံမြေ အလုပ်သမားတွေ အမှောင်ထဲမှာ ဖောင်စီးရင်း ရေငတ်ခဲ့ရပါတယ်၊ မီးမလင်းတဲ့ တိုင်းပြည်ရဲ့ ဒုက္ခတွေကို မီးမောင်းထိုးပြခဲ့တဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးဟာ အခုတော့ စိန်ရတုကာလတိုင်ခဲ့ပါပြီ၊ ဒါပေမဲ့ အခုလည်း သဘာဝဓတ်ငွေ့တွေ နိုင်ငံခြားကိုတင်ပို့ပြီး အိမ်နီးခြင်းနိုင်ငံတွေ မီးလင်းနေကြတဲ့အချိန်မှာ ကျမတို့နိုင်ငံသား အများစုကတော့ အမှောင်ထဲမှာ နေနေကြရဆဲဖြစ်ပါတယ်”

အခမ်းအနားမှာ သခင် ဦးကျော်အာင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ၁၃၀၀ ပြည့်နှစ် အမှတ်တရ မိန့်ခွန်းတွေ ပြောခဲ့ကြပါတယ်။

၁၉၃၈နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က အာဠာဝက သခင်ဘိုးလှကြီး ခေါင်းဆောင်တဲ့ ချောက်ရေနံမြေ အလုပ်သမားတွေဟာ ဖိနှိပ်တဲ့ ကိုလိုနီစနစ်ကို တွန်းလှန်ဖို့အတွက် ချောက်ကနေ  ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ကို တစ်လလောက်အကြာမှာ ရောက်ရှိခဲ့ပြီး တို့ဗမာအစည်းအရုံးဝင် သခင်၊ သခင်မတွေ၊ လယ်သမားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ ပူပေါင်းပါဝင်ရာကနေ အင်္ဂလိပ်အစိုးရ ပုလိပ်တွေက အကြမ်းဖက် ဖြိုခွင်းတာကြောင့်  ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အပါအ၀င် လူပုဂ္ဂိုလ် ၃၁ ယောက် သေဆုံးပြီး နှစ်ထောင်ကျော် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီအခမ်းအနားအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့