ကာလုံအစည်းအဝေး ခေါ်ယူပေး ဖို့ နိုင်ငံရေးပါတီ ၁၃ ပါတီ တောင်း ဆို


2016.11.29
13parties-national-security-council-620.jpg ကာလုံအစည်းအဝေး ခေါ်ယူပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီရဲ့ ပူးတွဲသဘောထားကြေညာချက်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ၊ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ရန်ကုန်မြို့အတွင်း ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အထွေထွေအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမျိုးသားကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင် စီ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ရခိုင်နဲ့ ရှမ်းမြောက်ဒေသမှာ စစ်ပွဲတွေဖြစ်နေတာ နှစ်ခုတည်းနဲ့တင် နိုင်ငံတော်ရဲ့လုံြခုံရေးကို ထိပါးလာတဲ့အတွက် အခုလိုတောင်းဆိုရတာလို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

''အခု ရခိုင်နဲ့ ရှမ်းပြည်နယ်ကိစ္စမှာ စစ်ရေးအရရင်ဆိုင်နိုင်ဖို့အတွက် စစ်မျက်နှာကို ပိုဖြန့်နေရပြီ၊ ငြိမ်းချမ်းရေးအလားအလာကို ပျက်ပြားလာရင် တပ်မတော်က စစ်မျက်နှာကိုပို ဖွင့်ရမယ့်အခြေအနေ ရှိတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေဟာ အကျပ်အတည်းဖြစ်နေပြီ၊ နယ်ပယ်စုံမှာဖြစ်တဲ့အတွက် အထွေထွေအကျပ်အတည်းဖြစ်တယ်၊ ဘယ်လိုဖြေရှင်းမလဲဆိုတာကျတော့ ပုဒ်မ ၂ဝ၁ မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းပုံအခြေခံအရသော်လည်းကောင်း၊ ဥပဒေအရလည်းကောင်း နိုင်ငံတော်သမ္မတက ဦးဆောင်ပြီးဖွဲ့ရမယ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး ၊ စီးပွားရေးအခြေအနေတွေကို ချက်ချင်းဆုံးဖြတ်ရမှာဖြစ်တယ်''

အဲဒီတောင်းဆိုမှုမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) နဲ့ ပါတီ ငယ်လေးတွေက ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပိုင်နက်နယ်မြေ ဆုံးရှုံးမယ့်အလားအလာကို ရင်ဆိုင်နေရပြီး အရှေ့မြောက်ဒေသမှာ စစ်ပွဲတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဖျက်ဆီးခံနေရတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့အတွင်း ပေါက်ကွဲမှုတွေဖြစ်ပွားနေသလို နိုင်ငံအနံှ့တိုးပွားလာတဲ့ ရာဇဝတ်မှုတွေနဲ့ တစ်နေ့ တစ်ခြား စီးပွားရေးကျပ်တည်းလာပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မျှော်လင့်ချက်တွေ မှေးမှိန်လာတာဟာလည်း နိုင် ငံတော်ရဲ့ အထွေထွေအကျပ်အတည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအရေးတွေအပေါ် လက်ရှိအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေတာတွေဟာ ပိုပြီး အကျပ် အတည်းဖြစ်စေနိုင်တဲ့ဘက်ကို ဦးတည်နေတယ်လို့လည်း သုံးသပ်ထားပါတယ်။

အဲဒီလိုအခြေအနေတွေကို ဟန့်တားနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ခေါ်ယူပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်မှာ ကာလုံ ခေါ် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူ ကျင်းပခဲ့ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။