လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်မှာ တိုက်ပွဲတွေဖြစ်နေတာရဲ့ အခြေခံပြဿနာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြောင့်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ၂၆ နှစ်ပြည့် အခမ်းအနားမှာ ဦးခွန်ထွန်းဦး က သဘာပတိအဖြစ် မိန့်ခွန်းပြောကြားရမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
"တစ်ဘက်က ငြိမ်းချမ်းရေးသာရပေမယ့် တစ်ဘက်ကလည်း တိုက်ခိုက်သံတွေ၊ ပစ်ခတ်သံတွေကြားနေ ရပါတယ်၊ ဒီလိုဖြစ်လာတဲ့အကြောင်းရင်းကလည်း အမှန်ဆိုရင်တော့ ဒါအခြေခံဥပဒေမှာ တာဝန်ရှိပါတယ်၊ ဒီငြိမ်းချမ်းရေးကို ကြိုးစားဖို့လုပ်ခဲ့တာလည်း ကြာပါပြီ၊ ဒီငြိမ်းချမ်းရေးကြောင့်လည်း ကျနော်တို့ အမျိုးမျိုးဒုက္ခရောက်ခဲ့တာလည်း မြင်ခဲ့ရပါတယ်၊ ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ ဒီဟာတွေဟာပြီးဆုံးသွားမှာပါ၊ နောက်တစ်ခု ကျနော်ဆိုလိုချင်တာကတော့ ဒီဖွဲ့စည်းပုံပြဿနာကလည်း ရှိနေလေတော့ ဒီဖွဲ့စည်းပုံကြောင့် ပြဿနာတွေဟာ တက်သထက်တက်လာနေပြီ၊ အခုလည်း ကျနော်တို့ ဖွဲ့စည်းပုံကြောင့်လည်းပဲ သေနက်သံတွေ၊ ဗုံးသံတွေ၊ ဒီ့ထက်ဒီကြားနေရပါတယ်၊ ဒီထက်ကိုလည်း ကြားရဦးမှာပါ"
ငြိမ်းချမ်းရေးရဖို့အတွက် ယုံကြည်မှုတည်ဆောက်ရမှာဖြစ်သလို တိုင်းရင်းသားတွေအားလုံး လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာဖို့ တင်ပြတောင်းဆိုသွားမယ်လို့ လည်း ပြောပါတယ်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့စည်းတွေက ကိုယ်စားလှယ်တွေလည်း ၂၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။