ကိုရိုနာကာလ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ပါတီတချို့ တောင်းဆို


2020.09.14

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ အရေအတွက် စံချိန်တင် မြင့်တက်လာချိန်မှာ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီအချို့က  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ကြပါတယ်။  ကိုရိုနာ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့ အခက်အခဲဖြစ်နေကြတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မလွယ်ဘူးလို့လည်း နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ  မနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း ၁၂ ဦးထိ စံချိန်တင် သေဆုံးခဲ့ပြီး၊ မြန်မာတစ်နိုင်ငံလုံးမှာ ရောဂါကူးစက်ခံရသူ လူနာ ၃၁၉၅ ဦးနဲ့ သေဆုံးသူစုစုပေါင်း ၃၂ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူရော၊ ကူးစက်ခံရသူပါ နေ့စဉ်နဲ့အမျှ မြင့်တက်နေပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၅၀ ကျော်ပဲ ကျန်တော့တဲ့အချိန်မှာ အဓိက အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ USDP က ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို အဓိက ဦးစားပေးတဲ့အတွက် လာမယ့်ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းမယ်ဆိုရင် လက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

USDP ပါတီ အပြင် ပြည်သူ့ရှေ့ဆောင်ပါတီ PPP နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ကလည်း လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေး ဖို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားကြပါတယ်။

စက်တင်ဘာလ ၁၁ရက်နေ့ PPP ပါတီက ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ရွှေ့ဆိုင်းပေးဖို့ တိုက်တွန်းထားတာပါ။

မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ရဲ့ အိတ်ဖွင့်ပေးစာမှာတော့ မဲဆန္ဒရှင် ပြည်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးအတွက် ပူပန်စိုးရိမ်မှုတွေ ခံစားနေရပြီး၊ ရခိုင်ပြည်နယ်မှာ ဆိုရင် ကပ်ရောဂါအပြင်၊ ပြည်တွင်းစစ်ဒဏ်ကိုပါ ခံစားနေရတဲ့ အချိန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် စစ်မှန်ပြီး လွတ်လပ်တဲ့ တရားမျှတမှုရှိဖို့ အလားအလာ နည်းပါးလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ကိုရိုနာ ကပ်ရောဂါကာလအတွင်းမှာ နေအိမ်တွေမှာပဲ နေကြဖို့ အစိုးရက သတိပေးထားသလို ဒီနေ့မှာဆိုရင် ရပ်ကွက်အတော်များများနဲ့ လမ်းတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ပိတ်ဆို့ကန့်သတ်တာတွေ ရှိနေပါတယ်။

ကိုရိုနာ ကပ်ဘေးကာလအတွင်း မဲဆွယ်စည်းရုံးရာမှာလူ ၅၀ နဲ့အထက် မစုဝေးဖို့နဲ့ ကန့်သတ်ချက်ကို ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး၊ နေအိမ်တွေမှာပဲနေဖို့ stay home အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ လှည့်လည်ပြီး မဲဆွယ်စည်းရုံးတာတွေ၊ တစ်အိမ်တက်ဆင်း မဲဆွယ် စည်းရုံးတာတွေ မလုပ်ဖို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီတွေဟာ လက်တွေ့မှာ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအနဲ့အညီ မဲဆွယ်စည်းရုံးဖို့ ဆိုတာ မဖြစ်နိုင်တာကြောင့် မျှတတဲ့  ရွေးကောက်ပွဲ ဖြစ်ဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေးပါတီအချို့က တာဝန်ရှိသူတွေက ပြောကြပါတယ်။  

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ….

“Stay at home ကြေညာထားတဲ့ မြို့နယ်တွေမှာ လှည့်လှည်မဲဆွယ်စည်းရုံးတာရော၊ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးတာရော မလုပ်ရဘူးဆိုပြီးတော့ ပါပါတယ်။ ဒီတော့ ကျန်တာက ဘာကျန်လဲဆိုတော့ အွန်လိုင်းကမဲဆွယ်စည်းရုံးတာ တစ်ခုကလွဲလို့ ကျန်တာတွေအားလုံးမလုပ်ရဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက် သွားပါတယ်။ ဒါဆို မဲဆွယ်စည်းရုံးတာ မလုပ်ရဘူးဆိုရင် ဒီရွေးကောက်ပွဲမျှတဖို့တောင် အတော်လေး ခက်သွားပါတယ်။ ဒါကို UEC နဲ့ အစိုးရနဲ့တင် မဟုတ်ဘဲ နိုင်ငံရေးပါတီတွေ မြို့မိ မြို့ဖ လူမှုအဖွဲ့အစည်းတွေရဲ့ အကြံတွေ ရယူပြီး ကန့်သတ်ချက်တွေကို ဖြေလျှော့မလား။ ရွေးကောက်ပွဲကာ လနေ့ရက်ကိုပြောင်းမလား။ ဒါမျိုး လုပ်သင့်ပါတယ်"


ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျကတော့ …

“ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်အဖို့ကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကတော့ တစ်နေ့တစ်ခြား ကြီးထွားလာတယ်။ ဒီထက်ပို ပြီးတော့ ကျပ်တည်းလာမယ် ဒီထက်ပိုပြီးကူးစက်မှုတွေများလာပြီး အကန့်အသတ်တွေများလာမယ်ဆိုရင် တော့ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့မျှတမှု နောက်ပြီး မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေး ကျန်းမာရေး အာမခံမှု တွေအပေါ်မှ ထိခိုက်မှုတွေ များလာနိုင်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စအပေါ်မှာ အလေးအနက်ထား စဉ်းစားဖို့လိုလာပြီ”

တိုင်းရင်းသားပါတီတွေထဲက မွန်ညီညွတ်ရေးပါတီ NUP ကလည်း ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းသင့်တယ်လို့ ရှုမြင်တဲ့အထဲမှာ ပါဝင်ပါတယ်။

“လောလောဆယ်တော့ ဒီကိုဗစ်က တနေ့ထက် တနေ့ အခြေအနေက ပိုဆိုးလာတယ်ဆိုတော့ ဒီထက် ပိုဆိုးလာမယ်ဆိုရင်တော့ ရွေးကောက်ပွဲကို အတိုင်းအတာတစ်ခုထိ ရွှေ့ဆိုင်းသင့်တယ်လို့ ထင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မဲဆွယ်စည်းရုံးလှုံ့ဆော်တဲ့အခါကျရင် လက်ရှိအာဏာရ NLD ပါတီ ကျန်တဲ့ပါတီတွေ စည်းရုံးလှုံ့ဆော်တဲ့အခါမှာ ကျွန်တော်တို့ အခက်အခဲ အများကြီးရှိတာကို တွေ့ရတယ်။ လူထုကိုစီမံခန့်ခွဲတာကအစ လူထုကိုလွှမ်းခြုံတဲ့ဧရိယာကအစ လက်ရှိအာဏာရပါတီက ပိုပြီးတော့ အားသာချက် ရှိနေတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကပ်ရောဂါကာလ ညွှန်ကြားချက်တွေ လိုက်နာဖို့၊  ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေနဲ့အညီပဲ မဲဆွယ်စည်းရုံးကြဖို့ ညွှန်ကြားထားတယ်လို့ ပါတီဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“မဲဆွယ်စည်းရုံးရေးအတွက် အကန့်အသတ်တွေဖြစ်သွားပါတယ်။ အထူးသဖြင့် လူကိုယ်တိုင် မဲဆန္ဒရှင်တွေဆီ ကိုသွားပြီး မဲဆွယ်ခြင်းက လုံးဝ ကန့်သတ်ခံလိုက်ရပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ယာဉ်ငယ်လေးတွေနဲ့ပေါ့ ဆိုက်ကားဖြစ်စေ၊ ဟိုက်ဂျက်ကားတွေနဲ့ပဲဖြစ်စေ မြင်းလှည်းဖြစ်စေ၊ ကိုယ့်ဒေသကရရှိနိုင်တဲ့၊ မိမိတို့ပါတီ အတွက် လိုက်ပါဆောင်ရွက်နိုင်တယ်။ ယာဉ်တစ်စီးကို ငှားပြီးတော့ ဆောင်းဘောက်တွေနဲ့ စည်းရုံးရေးသီချင်းကို လှည့်လည်ဖွင့်ခြင်းအားဖြင့် မဲဆွယ်စည်းရုံးတာကို ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်”

ရွေးကောက်ပွဲ ရွှေ့သင့်မသင့် ဆိုတာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့  နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ နယူးမြန်မာ ဖောင်ဒေးရှင်းက ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

“နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ရမယ့် အနေအထားလို့ မြင်တယ်။ သူတို့အနေနဲ့ကတော့ ရောဂါများလာရင် မဲထွက်ပေးမယ့် အခြေအနေမှာတော့ သူတို့အတွက် စဉ်းစားချက်တွေ ရှိလာနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်တယ် မဲသွားပေးဖို့အတွက် မစဉ်းစားတော့ဘူး ဆိုတဲ့ သူမျိုးတွေ  ပိုများလာနိုင်တယ်”

နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲရက် ရွှေ့ဖို့ တင်ပြတောင်းဆိုနေကြတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်၊ ဖုန်းနဲ့ မဖြေကြားနိုင်ဘဲ စာပေးပို့မှသာ ဖြေဆိုနိုင်မယ်လို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၆၈၉ ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။