ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ ဖြစ်နိုင်မလား

မင်းသိန်းအောင်
2020-12-07
Share

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ ပြန်လည်ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် (AA)နဲ့ တပ်မတော်တို့ နိုဝင်ဘာ ၁၂ ရက်နေ့က သဘောထားတွေ ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့ကလည်း ရွေးကောက်ပွဲ ဖြစ်လာမလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာက ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းကတော့ သူတို့ဒေသမှာ ရွေးကောက်ပွဲဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ဒီဒေသမှာ ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ ရွေးကောက်ပွဲဖြစ်မှလည်း ကျွန်တော်တို့ဒေသမှာ လွှတ်တော်အမတ်တွေ ရှိလာမယ်။ ကျွန်တော်တို့ ရပ်ရွာတွေကိုလည်း အဲဒီအမတ်တွေက ကူညီပေးနိုင်တာပေါ့။ ရွေးကောက်ပွဲလည်းမဖြစ်၊ လွှတ်တော်အမတ်လည်းမရှိရင် ကျွန်တော်တို့က ဘယ်သူ့ကိုအားကိုးရဦးမှာလဲ”

ဒေသခံအချို့က ရွေးကောက်ပွဲ ကျင်းပစေချင်ကြပေမယ့်လည်း ရွေးကောက်ပွဲ ပယ်ဖျက်ထားတဲ့ မြို့နယ်တွေက ကျေးလက်ဒေသတွေမှာ ရက္ခိုင့်တပ်တော် (AA)ရဲ့ သြဇာလွှမ်းမိုးနေပြီး ရဲတပ်ဖွဲ့က လုံခြုံရေးယူနိုင်မှုမရှိတာကို တွေ့ရပါတယ်။

ဘူးသီးတောင်မြို့နယ် တောင်ဘက် မယူတောင်ခြေနဲ့ ကပ်လျက်မှာရှိတဲ့ ကျေးရွာတွေမှာဆိုရင် (ARSA) အာဆာအဖွဲ့က မကြာခဏလှုပ်ရှားမှုတွေရှိလို့ ဒေသခံတွေဟာ သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်နေကြရတယ်လို့ အတွင်းပြင် ကျေးရွာက လူကြီးတစ်ဦးဖြစ်တဲ့ ဦးစောလှမောင်က ပြောပါတယ်။

“အခုလည်း အာဆာအဖွဲ့ လှုပ်ရှားမှုတွေရှိတော့ ပြည်သူတွေက ကြောက်နေကြရပါတယ်။ ကြောက်ပေမယ့်လည်း အသက်ကိုစွန့်ပြီးတော့ နေရတာပေါ့နော်။ သူတို့က ညညဆိုရင် လက်နက်တွေကိုင်ပြီးတော့ သွားနေကြတာ။ ရိက္ခာတွေပို့ကြတယ်။ အဲဒါကြောင့် ကြောက်နေကြရတာ။ ကျွန်တော်တို့က တောင်ကိုလည်း မသွားရဲကြဘူး။ ဘယ်ကိုမှ မသွားရဲကြဘူးဆိုတော့ အခက်အခဲတွေက တော်တော်ရှိတယ်”

ကျေးလက်ဒေသတွေမှာ ရဲတပ်ဖွဲ့ လုံခြုံရေးမရှိကြောင်း ပြောဆိုချက်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ AA အဖွဲ့ မဖြစ်မနေ ပါဝင်ရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှာဆိုရင် အငူမော်နဲ့ သဇင်မြိုင်ကျေးရွာ ၂၅ မိုင်ခန့် အကွာအဝေးကြားမှာ စေတီပြင်နယ်ခြားစောင့် ရဲစခန်းတစ်ခုသာ ရှိတယ်လို့ဆိုပါတယ်။

အရင်က သဇင်မြိုင် နယ်ခြားစောင့်စခန်းရှိခဲ့ပေမယ့် ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် စခန်းအဆောက်အဦတွေ ဖျက်ဆီးခံထားရပါတယ်။

လောင်းချောင်းကျေးရွာမှာလည်း နယ်မြေတာဝန်ယူခဲ့တဲ့ နယ်ခြားစောင့်ရဲတွေဟာ ပြီးခဲ့တဲ့ နှစ်ထဲက ထွက်ခွာသွားကြတာ အခုအချိန်အထိ ပြန်ရောက်မလာကြတော့ဘူးလို့ ရွာသားတွေက ပြောပါတယ်။

အခုလက်ရှိမှာဆိုရင် လွန်ခဲ့တဲ့ သုံးလကျော်ကပင် ရဲတပ်ဖွဲ့ မရှိတော့တာကြောင့် ရပ်ရွာတွေက အမှုအခင်းတွေကိုလည်း ရပ်မိဘတွေကပဲ ဝိုင်းဝန်းဖြေရှင်း ပေးထားရတယ်လို့ သဇင်မြိုင်ကျေးရွာတာဝန်ခံ ဦးစောမောင်သိန်းက ဆိုပါတယ်။

“ကျေးရွာထဲမှာက ပြဿနာတစ်ခုခုရှိရင် ကိုယ့်ရွာမှာကိုယ် ရပ်မိဘတွေနဲ့ ပူးပေါင်းပြီးတော့ မင်းတို့ ဒီလိုမလုပ်ရဘူး၊ ဒီကာလမှာ ဒီလိုတွေမဖြစ်သင့်ဘူး၊ အေးအေးချမ်းချမ်းနေရမယ်၊ တောတောင်မှာ ထင်းရှာပြီး ရပ်တည်နေကြသူတွေ အချင်းချင်း အေးအေးဆေးဆေးနေကြဖို့ ပြောထားကြရတယ်။ အဲတော့ ကျေးရွာမှာ ကြီးကျယ်တဲ့ ပြဿနာတွေ မဖြစ်လာတော့ ကျွန်တော်တို့က ဘယ်သူ့ကိုမှလည်း အကြောင်းကြားနေဖို့ မလိုတော့ဘူး။ ကိုယ့်ရွာမှာ ကိုယ့်ဟာနဲ့ကိုယ်ပဲ ဖြေရှင်းလိုက်ကြတယ်”

ဒေသခံအချို့ကတော့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်တာကြောင့် ရွေးကောက်ပွဲ ကျင်းပစေချင်တာလို့ ဆိုကြပါတယ်။

ရွေးကောက်ပွဲကနေတစ်ဆင့် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့အကြား ဆွေးနွေးပြီး နေရပ်ကိုပြန်နိုင်မယ့် အချိန်အခါကိုစောင့်မျှော်နေတယ်လို့ ရေစိုးချောင်းကျေးရွာကနေ စေတီပြင်ကျေးရွာကို ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ဦးလှထွန်းဘော်က ပြောပါတယ်။

“ကျွန်တော်တို့ ကိုယ့်နေရာကိုယ့်ဒေမှာ အေးဆေးပြန်ပြီးတော့ လုပ်ကိုင်စားသောက်ချင်ပါတယ်။ အခုက အဲဒီမှာ တပ်မတော်ကလည်း ဗျူဟာချထားတဲ့ အတွက်ကြောင့်မို့လို့ မသွားရဲကြပါဘူး။ ကျွန်တော်တို့က ဆင်းရဲပင်ပန်းလို့ တောတောင်မှာပဲ လုပ်စားရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အဲဒီမှာ အန္တရာယ်တစ်ခုခု ဖြစ်သွားမှာကိုစိုးရိမ်ပါတယ်။ ရက္ခိုင့်တပ်တော်နဲ့ အပြန်အလှန်ညှိနှိုင်းပြီးတော့ နှစ်ဘက်သဘောတူညီချက် စာချုပ်ချုပ်ပြီး ကြေငြာပေးချိန်မှာ နိုင်ငံတော်အစိုးရကပဲဖြစ်ဖြစ် ရက္ခိုင့်တပ်မတော်ကပဲဖြစ်ဖြစ် ပြန်လည်နေရာ ချထားပေးမှသာ ကျွန်တော်တို့က အိမ်ပြန်ရဲမှာပါ။ ဒီအတိုင်းဆိုရင် ကျွန်တော်တို့ မပြန်ရဲပါဘူး”

ကျေးလက်ဒေသတွေမှာ ရက္ခိုင့်တပ်တော် (AA)က သြဇာလွှမ်းမိုးထားတာကြောင့် ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် လုံခြုံရေးကိစ္စရပ်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခံထားရတဲ့ ရက္ခိုင့်တပ်တော် (AA)က မဖြစ်မနေ ပါဝင်ပတ်သက်ရတော့မှာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ လုံခြုံရေးကိစ္စကို AA အဖွဲ့နဲ့ ဆွေးနွေးနိုင်ဖို့ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးမှ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ စေတီပြင်ကျေးရွာ ပရဟိတလူငယ်များအသင်းက ကိုအောင်မင်းစိုးက သုံးသပ်ပါတယ်။

“ဒီဒေသက AA တပ်တော်စိုးမိုးထားတဲ့ ဒေသဖြစ်နေတယ်။ အဲဒီအတွက် လုံခြုံရေးပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဒီဒေသမှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို တာဝန်ယူ မဖြေရှင်းနိုင်တော့ဘူး။ ဒီဒေသမှာ ရွေးကောက်ပွဲ ဖြစ်လာမယ်ဆိုရင်လည်း လုံခြုံရေးပိုင်းဆိုင်ရာကို AA တပ်တော်ကပဲ တာဝန်ယူလာရမှာဖြစ်တယ်။ ဒီလိုဆိုတော့ AA တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာကို ဖြေလျှော့ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ AAကို မြန်မာ့တပ်မတော်ရော အစိုးရတပ်မတော်ကပါ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာလေ။ ဒါကိုပယ်ဖျက်ပြီး လုံခြုံရေးပိုင်းဆိုင်ရာကို ညှိနှိုင်းပြီးလုပ်မယ်ဆိုရင်တော့ ရွေးကောက်ပွဲဟာ ချောချောမောမောနဲ့ အောင်အောင်မြင်မြင် ဖြစ်သွားနိုင်မယ်လို့ ယုံကြည်တယ်”

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့အကြား နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက အပြန်အလှန် သဘောထား ထုတ်ပြန်ခဲ့ပြီးနောက် ပစ်ခတ်မှုတွေ ရပ်စဲနေပေမယ့် ဒေသခံတွေကတော့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရဆဲပါ။

အဲဒီအထဲက ဒေသခံအချို့က နေရပ်ကို ယာယီပြန်ကြတာတွေရှိပေမယ့် တပ်မတော်က တပ်စွဲထားတဲ့ ဒေသတွေနဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ နေရပ်ပြန်တာ မရှိသေးပါဘူး။

ဒါကြောင့် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကျေးရွာအုပ်စုတိုင်းမှာ လုပ်လို့ရနိုင်မှာမဟုတ်ဘဲ ဒေသခံတွေ ထွက်ပြေးရောက်ရှိနေတဲ့ နေရာတွေမှာ လုပ်မယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လုပ်လို့ရတယ်လို့ RFA ကိုပြောဆိုထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားကိုသိရဖို့ RFA က ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့