စစ်ကောင်စီတပ်တွေက ကယားပြည်နယ်ထဲ ကုန်စည်စီးဆင်းတဲ့လမ်းကြောင်းအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဝင်ငွေရ လမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေးကျပ်တည်းနေရာကနေ မကြာခင်မှာ အငတ်ဘေးနဲ့ ကြုံတွေ့နိုင်ခြေ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောလိုက်ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေအပြင် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေတဲ့ အခြေအနေတွေကြောင့် မကြာခင်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ စားနပ်ရိက္ခာ အကျပ်အတည်းကို မလွဲမသွေ ရင်ဆိုင်ရနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ (KnHRG) ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။
“လူမှုစီးပွားကျတဲ့ အတွက်ကြောင့်မို့ ပိုပြီးတော့မှ ဒီငတ်မွတ်ဘေးကို ခံရဖို့ရှိတယ်။ ကျွန်တော်တို့ ပြည်နယ် ထိပ်က ဝင်နိုင်တဲ့ ဒီလမ်းကြောင်းပေါ့နော် စားနပ်ရိက္ခာဖြစ်စေ၊ ကုန်စည်လမ်းကြောင်းတွေက အမြဲတမ်းလိုလို စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကို ခံရတာပေါ့နော်။ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ပုံစံမျိုးနဲ့လည်း ဆက်တိုက်လုပ်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ စားနပ်ရိက္ခာနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု၊ ငတ်မွတ်ခေါင်းပါးမှု ပေါ့နော် ဘယ်လိုစိန်ခေါ်မှုပဲပြောပြောပေါ့နော် အကျပ်အတည်းကြုံရမှာ ဧကန်မုချ ဖြစ်တယ်လို့ပဲ ကျွန်တော်တို့ခန့်မှန်းထားခြင်း ဖြစ်ပါတယ်”
စစ်ကောင်စီစစ်ကြောင်းတွေကြောင့် စပါးစိုက်ပျိုးဖို့ ခက်ခဲနေကြရသလို စိုက်ပျိုးခွင့်ရတဲ့ စိုက်ခင်းတွေကိုလည်း စစ်တပ်က မကြာခဏ ဝင်ရောက်ဖျက်ဆီးတာ ခံနေရတယ်လို့ ကိုဗညား က ပြောပါတယ်။
ဆန်တစ်အိတ်ကို အရင်က အနည်းဆုံး ကျပ် ရှစ်သောင်းခွဲပေးဝယ်ရတာကနေ အခုဆို တစ်သိန်းရှစ်သောင်းဝန်းကျင်အထိ စျေးမြင့်တက်လာတာကြောင့်လည်း လူတိုင်း ဝယ်နိုင်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။
ဒေသတွင်း ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် တစ်ပိုင်တစ်နိုင် လယ်ယာ စိုက်ပျိုးဖို့ ကြိုးစားကြပေမဲ့လည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်လာတာကြောင့် ရိတ်သိမ်းခွင့်မရလိုက်ဘူးလို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်နေရသူတစ်ဦးက ပြောပါတယ်။
“အစ်မတို့ စိုက်တဲ့ အချိန်ကျတော့ ဘာမှမဖြစ်ဘူး။ ရိတ်တော့မယ်ဆိုတဲ့ အချိန်ကျမှလေ သူတို့ (စစ်တပ်) စစ်ကြောင်းထိုးလာတာ။ နှစ်ဧကလုံး အစ်မ ဘာမှ ပြန်မရိတ်ရဘူး။ ပြန်တောင်မကြည့်ရဲတော့တဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ တော်တော်များများလည်း မရိတ်ရတဲ့ လယ်တွေလည်း အများကြီးရှိတယ်။ စိုက်ပြီးမှ ပြန်ပြီးမရိတ်သိမ်းရဘူး ဆိုရင်လည်းလေ ကိုယ်က ခံဖူးတဲ့လူဆိုတော့လေ သိပ်ပြီးတော့မှ မစိုက်ရဲတော့ဘူး"
စစ်ဘေးရှောင်တွေ ပိုများလာသလို ကုန်စျေးနှုန်းတွေကလည်း တစ်နှစ်ထက် တစ်နှစ် ပိုမြင့်တက်လာတယ်လို့ စစ်ဘေးဒုက္ခသည်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့သူတွေက ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေကိုကူညီပေးနေတဲ့ Karenni Hope အဖွဲ့တာဝန်ခံ ကိုလွမ်း က အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းစျေးနှုန်းတွေ ပိုမြင့်လာတဲ့အကြောင်း အခုလိုပြောပါတယ်။
“တစ်နှစ်နဲ့တစ်နှစ်ကတော့ ကြာလာလေ ပိုဆိုးလာလေပဲဗျ။ ဈေးတွေကလည်း တစ်နှစ်နဲ့တစ်နှစ် ပိုဆိုးလာတယ်၊ ပိုတက်လာတယ်၊ ပိုပြီးတော့ ခက်ခဲလာတယ်၊ စစ်ရှောင်တွေလည်း ပိုများလာတယ်၊ အရင်တုန်းက မိုးကာနှစ်ထည်ရမယ့်ဟာ အခုတစ်ထည်ပဲ ရတော့တယ်ဗျ။ အဲ့မျိုးပေါ့၊ အရင်တုန်းက တစ်သိန်းသုံးသောင်းဆိုရင် ဆန်နှစ်အိတ်ရမယ်ဆိုရင် အခုတစ်သိန်းခွဲဆိုရင် ဆန်တစ်အိတ်ပဲ ရတော့တယ်။ ကုန်စည်နှုန်းတွေကတော့ အဆမတန် ကြီးလာတယ်ဗျ။ ဒီတိုင်းသာ ရေရှည်ဆို မလွယ်ဘူးဗျ”
နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်ခံထားရချိန်မှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက ဒေသခံအရင်းအမြစ်တွေနဲ့ ရပ်တည်နိုင်အောင် ကြိုးပမ်းနေပေမဲ့လည်း အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့ လုံခြုံရေးအကာအကွယ်တွေ လိုအပ်နေဆဲပဲလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၄ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေက ပြည်နယ်တွင်း အချက်အချာကျတဲ့ ဖားဆောင်းမြို့နယ်ထဲက ဆက်သွယ်ရေးလမ်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လေယာဉ်၊ ဒရုန်းတွေနဲ့ နေ့စဉ်တိုက်ခိုက်နေတယ်လို့ KnHRG က ဆိုပါတယ်။
ဒါ့အပြင် ဖယ်ခုံ၊ ဖရူဆို နဲ့ ဒီးမော့ဆိုမြို့နယ်တွေကိုလည်း နယ်မြေစိုးမိုးမှုရဖို့အတွက် စစ်အင်အားဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေက တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်၊ ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)ရဲ့ စာရင်းတွေအရ ကယားပြည်နယ်တွင်း စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိပြီး အခုနှစ် လေးလပတ်အတွင်း စစ်တပ်က နေအိမ်နဲ့ အဆောက်အဦး ၁၄၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှု ၃၆ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၃၁ ကြိမ်ရှိပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၂၇ ဦး သေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
