ပင်လုံက ပြည်ထောင်စုနေ့ အခမ်းအနားအတွက် လုံခြုံရေးအင်အား ၄၀၀ ချထား


2017.02.11
21panglong-620.jpg ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့က ပင်လုံကျောက်တိုင်ကွင်းမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကကျင်းပတဲ့ နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့မှာ လုံခြုံရေးယူထားသူတွေကို တွေ့ရစဉ်
Photo: Nay Thwae/RFA

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့က ပင်လုံကျောက်တိုင်ကွင်းမှာ မနက်ဖြန် ကျင်းပမယ့် နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့အခမ်းအနားအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ နဲ့ လုံခြုံရေးဆောင်ရွက်သွားမယ်လို့ လွိုင်လင်ခရိုင် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးခင်အောင် က ပြောပါတယ်။

စစ်တပ်၊ နယ်မြေခံရဲတပ်ဖွဲ့၊ အထူးတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ထားတယ်လို့လွိုင်လင် ခရိုင် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးခင်အောင် က ပြောပါတယ်။

"ကျနော်တို့ အပြည့်အဝတာဝန်ယူထားတယ်လေ၊ ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ရော  တပ်ပိုင်းဆိုင် ရာရော ပြည်ထောင်စုပွဲကြီး ကို  အောင်အောင်မြင်မြင်ဖြစ်မြောက်ဖို့ ကိစ္စကို အပြည့်အဝ တာဝန် ယူထားပါတယ်၊ အင်အားအနေအထားနဲ့ကတော့ ရဲတပ်ဖွဲ့အနေအထားက ၄၀၀ ကျော်၊ ဒီထဲမှာ  နယ်မြေခံရဲတပ်ဖွဲ့တွေရယ်၊ အထူးတပ်ဖွဲ့တွေရယ်၊ မှုခင်းတပ်ဖွဲ့ရယ်၊  အုပ်ချုပ်ရေးပိုင်းရယ်နောက် ဒေသ ဆိုင်ရာအဖွဲ့အစည်းတွေ  အားလုံးပေါင်းစပ်ပြီးတော့ ဆောင်ရွက်နေပါတယ်"

မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်သလို တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးမှု အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရတာဝန်လွဲှပြောင်းရယူပြီးနောက် ပထမဆုံးကျင်းပတဲ့ ပင်လုံမြို့ က ပြည်ထောင်စုနေ့ အခမ်းအနားကို လူမျိုးစုအသီးသီးက တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိတ်ကြား ထားတယ်လို့ သိရပါတယ်။

အခမ်းအနားကို အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် သန်းလှိုင် တက်ရောက်မယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။