၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


2016.08.31
dassk-21panglong-620.jpg နေပြည်တော်မှာ သြဂုတ်လ ၃၁ ရက်နေ့က စတင်ကျင်းပတဲ့၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်
Photo: Myo Thant Khaing/ RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ဟာ ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ NCA ကို လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာအောင် ကြိုးစားသွားမယ်လို့ အခုလို ပြောပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါမှာ NCA ကို အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျမတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအရေး ထားပြီး ဆောင်ရွက်လျှက်ရှိပါတယ်"

လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့အဖွဲ့တွေ ဝိဝါဒကွဲပြားနေရင် ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့် ကြာသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ငြိမ်းချမ်းရေးဟာ ဒီကနေ့ ၂၁ ပင်လုံခန်းမထဲမှာ ရှိနေကြသူတွေအတွက်မဟုတ်ဘဲ ပြည်သူတွေ အားလုံး အတွက်ဖြစ်ကြောင်းလည်း ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်း က ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယုံကြည်ချက်၊ ခံယူချက်နဲ့ သဘောထား အမြင်တွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူလိုစိတ်အပေါ် အရင်းခံပြီး လုပ်ဆောင်နေတာဖြစ်ကြောင်းပြောပါတယ်။ စစ်ရဲ့အနိဌာရုံတွေကြောင့် ပေးဆပ်ရသူတွေဟာ တပ်မတော် သားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင် တိုင်းရင်းသားတွေ ဖြစ်ကြောင်း ဒါကြောင့် မိမိတို့လက်ထက်မှာ အဆုံးသတ်ဖို့ လိုအပ်နေ ပြီ ဖြစ်ကြောင်းပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုတိယဥက္ကဌ ဦးအင်ဘန်လက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်လာတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့ အစိုးရကို ဂုဏ်ပြုလိုတာကြောင့်ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ၂၁ ပင်လုံညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံရဲ့အဆက်ဖြစ်တယ်လို့ ယုံကြည်ကြောင်းပြော ပါတယ်။

တိုင်းရင်းသားတွေ လက်နက်စွဲကိုင် တိုက်ပွဲဝင်နေကြတာဟာ အဲဒီအချိန်က ပင်လုံကတိ၊ စာချုပ်ကို လက်တွေ့ အကောင်အထည်မဖေါ်ခဲ့တာကြောင့် ဖြစ်ကြောင်းပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဌ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကေအဲန်ယူဥက္ကဌ မူတူးစေးဖိုး၊ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ အန်အယ်လ်ဒီ နာယကကြီး သူရဦးတင်ဦးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က စကားပြောကြား ခဲ့ပါတယ်။

ဒီညီလာခံကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီနဲ့ လေ့လာသူ ကိုယ်စားလှယ် စုစုပေါင်း ၁၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။