တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးမယ့် ကဏ္ဍ ၅ ရပ်မှာ ပါရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့တွေအကြား ဘုံသဘောတူညီချက်ရရှိနိုင်ဖို့ အကြို ညှိနှိုင်းဆွေးနွေးပွဲကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
တတိယအကြိမ်၂၁ ရာစုပင်လုံညီလာခံကို ရက်သတ်မှတ်နိုင်ဖို့ UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို လာမယ့် ဇွန်လ ၂၅ ရက်နေ့မှာ ဆက်လက်ကျင်းပသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။
“ရက်သတ်မှတ်ဖို့က ကျနော်တို့က UPDJC က ရက်သတ်မှတ်မှာ။ အဲတော့ UPDJC အတွင်းရေးမှူးအဖွဲ့ကို လာမယ့် ၂၅ ရက်နေ့မှာ ခေါ်ထားတယ်။ အတွင်းရေးမှူး အစည်းဝေးပြီးရင် UPDJC အစည်းအဝေး ရက် သတ်မှတ်မယ်။ အဲဒါပြီးရင် ညီလာခံရက် သတ်မှတ်မယ်”
လာမယ့် ဇူလိုင်ပထမအပတ်အတွင်း ညီလာခံကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှာဖြစ်ပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးကဏ္ဍ ၅ ရပ်မှာ အတည်ပြုဖို့ကျန်နေတဲ့ အပိုင်းတွေကို ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကြား ဆွေးနွေးရာမှာ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးတွေမှာ အငြင်းပွားနေတာတွေရှိပြီး တပ်နေရာချထားရေးနဲ့ တပ်ဖြုတ်သိမ်းရေးတွေမှာလည်း သဘောတူညီချက် မရနိုင်သေးပါဘူး။
လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးနဲ့ဆိုင်တဲ့ကိစ္စတွေ၊ လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ရှိပေမယ့် အငြင်းပွားဖွယ် ထိရှနိုင်တဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမှာမဟုတ်ဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောထားပါတယ်။