တတိယအကြိမ် ပင်လုံ နောက်လဆန်းထဲ ကျင်းပနိုင်ဖွယ်ရှိ
2018.06.21
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို လာမယ့် ဇူလိုင်လ ၁ဝ ရက်ဝန်းကျင်မှာ ကျင်းပနိုင်ဖွယ် ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးတစ်ဦးက ပြောပါတယ်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တွေအကြားမှာ ဘုံသဘောတူညီချက်ရရှိဖို့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို သုံးရက်တာကျင်းပခဲ့ပြီး ဒီနေ့ နောက်ဆုံးနေ့မှာ UPDJC အတွင်းရေးမှူး တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။
"ကျနော်တို့ကတော့ ပထမတော့ ဇွန်လကုန်လောက်မှာ အစိုးရဘက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးလုပ်ဖို့ အဆိုပြုတယ်ပေါ့နော်၊ အခုအတိုင်းဆိုရင်တော့ ဇူလိုင် ၁ဝ ရက်ဝန်းကျင်မှာတော့ ညီလာခံက ကျင်းပကို ကျင်းပဖြစ်မှာပါ၊ အဲဒီမှာလည်း ကဏ္ဍ ၅ ခုလုံးကနေ အဆိုတွေ တင်မယ်၊ ဒါကိုညှိနှိုင်းပြီးတော့မှ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၂ အနေနဲ့ အတတ်နိုင်ဆုံး အများဆုံးထွက်အောင်တော့ ကျနော်တို့ ပြင်ဆင်နေတာဖြစ်တော့ ဒီသုံးရက်တာဆွေးနွေးပွဲကိုတော့ ကျနော့် အနေနဲ့ အားရတယ်လို့ ပြောရမှာပဲ "
၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး ကျင်းပမယ့် ရက်အတိအကျကိုတော့ လာမယ့် ဇွန်လ ၂၉ မှာ ကျင်းပမယ့် UPDJC အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။
လာမယ့် ၂၁ ရာစု တတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးမှာ ကဏ္ဍ ၅ ရပ်မှာပါရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြတဲ့အခါမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တွေကြား ဘုံသဘောတူညီချက်ရရှိနိုင်ဖို့အတွက် ဇွန်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိ သုံးရက်ကြာ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
သုံးရက်ကြာ ဆွေးနွေးပွဲအပြီးမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တိုရဲ့ ရပ်တည်ချက်တစ်ခုကို ရရှိခဲ့တဲ့အတွက် လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးမှာ ဆွေးနွေးဖို့ အားရကျေနပ် မှုရှိတယ်လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒုတိယအကြိမ် ညီလာခံမှာ မပြီးပြတ်သေးဘဲ ကျန်နေတဲ့ အချက်တွေနဲ့ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရရှိခဲ့တဲ့ အချက်တွေ၊ အရပ်ဖက် CSO ဖိုရမ်က တင်ပြလာတဲ့အချက်တွေကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးကဏ္ဍ စတဲ့ ကဏ္ဍ ၅ ရပ်မှာပါဝင်တဲ့ အကြောင်းအရာတွေကို လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးအတည်ပြုဖို့ရှိနေတာပါ။