ကချင်ဒုက္ခသည်တွေကို ကူညီဖို့ ၂၈ ဖွဲ့ တိုက်တွန်း


2013-06-07
Share
kachin-war-2-years-305.JPG ရန်ကုန်မြို့၊ Central Hotel မှာ ဇွန်လ ၇ ရက်နေ့ကကျင်းပတဲ့ ကချင်စစ်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို တွေ့ရစဉ်
photo: RFA/ Thiha Tun

ကချင်စစ်ပြေးဒုက္ခသည်တွေကို နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီကြဖို့ လူမှုအခြေပြု အဖွဲ့အစည်း ၂၈ ဖွဲ့က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကချင်စစ်ပွဲ ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ Central Hotel မှာ ပြည်တွင်း ငြိမ်းချမ်းရေးလိုလားတဲ့ လူမူအဖွဲ့အစည်း ၂၈ ဖွဲ့ က ပူးပေါင်းကျင်းပတဲ့ အခမ်းအနားမှာ အဖွဲ့အစည်းတွေက နိုင်ငံတကာ သံတမန်တွေထံ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။

ငြိမ်းဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါ်ဂျာနန်က ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းတွေမှာ အကူအညီတွေ လိုအပ်နေဆဲဖြစ်ကြောင်း RFA ကို အခုလိုပြောပါတယ်။

"အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကို တကယ်ဒုက္ခသည်စခန်းတွေကို သွားရောက်ခွင့်ပေးဖို့ပေါ့နော်၊ အဲဒါက အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်၊ နောက်ပြီးတော့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကတော့ အများကြီးရှိနေသေးတယ်၊ ဒီကိစ္စတွေက စားဝတ်နေရေးက အစပေါ့နော်၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အိမ်ပြန်ရမယ်ဆိုလို့ရှိရင်လည်း အိမ်ပြန်တဲ့အခါမှာ အထောက်အပံ့က ပိုပြီးတော့လိုအပ်တာပဲ၊ အဲဒီ့အတွက်လည်း အခုကတည်းက သွားနေတဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းလုပ်ငန်းစဉ်ကိုကြည့်ပြီးတော့ ကြိုတင်မြင်နိုင်ပေါ့လေ။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကိုလည်း message  ပေးတဲ့သဘောပါ"

စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါ စားဝတ်နေရေး လိုအပ်ချက်တွေအပြင် မြေမြှုပ်မိုင်းရှင်းလင်းရေးကိုလည်း ဦးစားပေးဆောင်ရမှာဖြစ်ကြောင်း၊ ဒီအတွက် အစိုးရနဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့ကပါ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် လာမယ့် ဇွန်လ ၉ ရက်နေ့မှာ ကချင်ပြည်နယ်စစ်ပွဲတွေအတွင်း သေဆုံးသွားတဲ့ အစိုးရနဲ့ ကေအိုင်အိုစစ်သားတွေ၊ ဒေသခံပြည်သူတွေအတွက် အခမ်းအနားတစ်ခု ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်းက လွတ်လပ်ရေးကျောက်တိုင်မှာ ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့