မြစ်ဆုံစီမံကိန်းကို အပြီးရပ်ဆိုင်းဖို့ သဘောထားရှိကြောင်း ကချင်ပူးပေါင်းပါတီ ၃ ခု ထုတ်ပြန်


2019.01.14
myitsone-dam-622.jpg မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်
Photo: RFA

မြစ်ဆုံရေကာတာစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းထားရှိဖို့ သဘောထားရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျှံ နဲ့ တေ့ွဆုံခဲ့တဲ့ ကချင်ပူးပေါင်းရေးပါတီ ၃ ခု ခေါင်းဆောင်တွေက ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ပြည်တွင်းငြိမ်းချမ်းဖြစ်စဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစုတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း လုပ်ဆောင်မယ့် စက်မှုဇုန် စီမံကိန်းကို စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဆောင်ရွက်သွားဖို့လည်း ပါရှိပါတယ်။

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိဘဲ ကချင်ပြည်နယ်အတွင်း လုပ်ဆောင်မယ့် စက်မှုဇုန် စီမံကိန်းတွေကို ကန့်ကွက်တယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ရက်နဲ့ ၂၉ ရက်နေ့တို့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ တရုတ်သံအမတ် မစ္စတာ ဟုန်လျှံ ဟာ ကချင်ပူးပေါင်းရေးပါတီ ၃ ခု က ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာ တူးဂျာ၊ ဦးကွမ်ဂေါင်အောင်ခမ်း၊ ဦးခက်ထိန်နန် အပြင် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့လည်း သီးသန့်စီ တေ့ွဆုံခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေက မြစ်ဆုံစီမံကိန်းကို ကချင်ဒေသခံတွေက ဆန့်ကျင်ကန့်ကွက်တာ မရှိကြောင်း၊ ပြင်ပရောက်ရှိနေသူတွေနဲ့ အဖွဲ့အစည်းတွေကသာ ကန့်ကွက်တာဖြစ်ကြောင်း တရုတ်သံအမတ်ကို ပြောကြားခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် တရုတ်သံရုံးက မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အဲဒီတရုတ်သံရုံး ကြေညာချက်နဲ့ပတ်သက်ပြီး ကချင်တက်ကြွလှုပ်ရှားသူတွေ၊ မြစ်ဆုံအရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကချင်ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

လက်ရှိအစိုးရနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့  စီစဉ်နေတဲ့ ကန်ပိုက်တီ ၊ နမ်ဂျိမ် စက်မှုဇုန်တွေက ဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့  ပတ်သက်ပြီး ပြည်သူလူထု၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးလုပ်ဆောင်တာတွေမရှိဘူးလို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောပါတယ်။

ကချင်ပူးပေါင်းရေး (၃)ပါတီဟာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ နဲ့  စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် တို့ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။