ဗကသကျောင်းသား ကိုမင်းသွေးသစ် အပါအဝင် ၄ ဦး ဆေးကုသခွင့်ရရှိ


2015.12.08
tharyarwaddy-602.jpg သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ် ကိုရုံးထုတ်လာစဉ်
Photo:Aung Thain Kha/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူတွေထဲက  စာမေးပွဲဖြေဆို မယ့် ကျောင်းသား ၁ ဦး နဲ့ ဆေးရုံ တက် ရောက်နေသူ ၁ ဦးကို သာယာဝတီမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေး လိုက်ပြီး ကျန်းမာရေး မကောင်းတဲ့ ဗကသကျောင်းသား ကိုမင်းသွေးသစ် အပါအဝင် ၄ ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှာ ဆေးကုသဖို့ ခွင့်ပြုလိုက်ပါတယ်။

ဒီနေ့ သာယာဝတီမြို့နယ်တရားရုံးချိန်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က အခုလိုပြောပါတယ်။

"တရားလိုရဲမှူးကို ဆက်စစ်တယ်၊ ပြီးတော့ ဟိုတစ်ပါတ်က အာမခံ ၃ ယောက်လျှောက်တယ်လေ၊ အဲ့ထဲက ၂ ယောက်ရပါတယ်၊ ထက်အောင်က ၁၀ တန်း ကျောင်းသားပေါ့နော်၊ နောက်တစ်ခါကိုတေဇာထွန်း ကျန်းမာရေးနဲ့လျှောက်တာ ရပါတယ်ရှင့်၊ ကိုခင်မောင်ဝင်းကတော့ အာမခံမရ ဘူးပေါ့၊ ဆေးစာတော့ တင်ထားတယ်၊ မပြည့်စုံလို့ဆိုပြီးတော့ ပယ်လိုက်တာပါ၊ နောက်ပြီးဒီနေ့ ၃ ယောက်ထပ်လျှောက် ပါတယ်၊ နောက်ရုံးချိန်းကျရင်တော့ အမိန့်ချပေးမယ်ပေါ့၊ ပြီးတော့ ဒီနေ့ ကျန်းမာရေး မကောင်းလို့ဆိုပြီးတော့ အခုသာယာဝတီဆေးရုံမှာလေ၊ မင်းသွေးသစ်ပါတယ်၊ ထိန်လင်းအောင်ပါတယ်၊ ကိုမြကြီး ရယ်၊ နောက်တစ်ယောက်ရယ်၊ သူတို့ ၄ ယောက် ကိုတော့ ရန်ကုန်ဆေးရုံကြီးကိုလွှဲမှာပါ"

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကိုလည်း ဒီနေ့ သာယာဝတီတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြခဲ့တာကြောင့် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရာကနေ အာမခံနဲ့ လွတ်မြောက်သူ ဒီနေ့အထိ ၁၈ ဦး ရှိပါတယ်။

ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူတွေဟာ ဆန္ဒပြမှုကြောင့် တရားစွဲဖမ်းဆီးခံထားရတာ ၈ လနီးပါး ရှိနေပြီဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေ ရတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၁၃ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးဌေးကို မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။