ဖမ်းဆီးထားတဲ့ ကျောက်တန်းရွာသား တွေထဲက ၄၈ ဦးကို ပြန်လွှတ်ပေး
2019.05.06
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေတဲ့ ၁၃၁ ဦးထဲက ၄၈ ဦးကို ဒီနေ့ နေလယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့ ၄၈ ဦးဟာ AA အဖွဲ့မှာ ပါဝင်ပတ်သက်တာမရှိတာကြောင့် ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ကျန်ရှိနေသူတွေကိုလည်း စစ်ဆေးပြီး AA အဖွဲ့မှာ ပါဝင်ပတ်သက်တာမရှိရင် ပြန်လွှတ်ပေးမယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ကျေးရွာ အနီးက AA အဖွဲ့ရဲ့ ယာယီလေ့ကျင့်ရေးစခန်းကို ဧပြီလကုန်ပိုင်းမှာ တပ်မတော်က သိမ်းပိုက်လိုက်ပြီးနောက်မှာ AA အဖွဲ့ဝင်တွေဟာ ကျောက်တန်းကျေးရွာနဲ့ စေတီတောင်ကျေးရွာတွေကို ပုံဖျက်ဝင်ရောက်နေကြောင်း သတင်းရတဲ့အတွက် ကျောက်တန်းကျေးရွာသား ၃၀၀ ကျော်ကို စစ်ဆေးနေတာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့တုန်းကလည်း ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေထဲက ၁၂၆ ယောက်ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။
တပ်မတော်ကဖမ်းဆီးစစ်ဆေးနေ့စဉ်မှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ မနက်ပိုင်းတုန်းက တပ်မတော်က ပစ်ခတ်တာကြောင့် ဒေသခံ ခြောက်ဦး သေဆုံးခဲ့သလို့ ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လေးဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
တပ်မတော်ဘက်ကတော့ ဖမ်းဆီးစစ်ဆေးနေစဉ် ဒေသခံတွေဟာ ညာသံပေးပြီး သေနတ်လုယူဖို့ ကြိုးစားတာကြောင့် လုပ်ထုံးလုပ်နည်းအတိုင်း ပစ်ခတ်ရတာလို့ ထုတ်ပြန်ထားပါတယ်။









