7 Day အမှုရုပ်သိမ်း


2016.06.29

7 Day သတင်းစာ အယ်ဒီတာချုပ် နဲ့ သတင်းထောက်ကို တပ်မတော်က ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားတာကို တရားစွဲဆိုသူ ဒုတိယဗိုလ်မှူးကြီး လင်းထွန်း က ဒီနေ့ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

7Day Daily သတင်းစာက သဘောရိုးနဲ့ရေးသားခဲ့တာဖြစ်ကြောင်း တောင်းပန်တဲ့အတွက် အမှုကို တပ်မတော်ဘက် က ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ ကမာရွတ်မြို့နယ်ရဲစခန်းက စခန်းမှူး ဒုရဲမှူး သိန်းဟန်က ပြောပါတယ်။

"7Day သတင်းစာဂျာနယ်က သူတို့တောင်းပန်တာပေါ့၊ တပ်မတော်သို့ ပန်ကြားလွှာဆိုပြီးတော့ သူတို့ရေးခဲ့ တဲ့ဟာနဲ့ ပတ်သက်ပြီးတော့ သဘောရိုးနဲ့ ရေးခဲ့တာဖြစ်တယ်ဆိုတာကို ပြန်ပြီးတော့မှ ဝန်ချတောင်းပန်တာပေါ့၊ သူတို့ရေးသားချက်လေး မှားယွင်းသွားတာပေါ့၊ နားလည်မှုလွှဲပြီး ရေးသားချက်လေး မှားသွးတယ်ဆိုပြီးတော့ အဲ့ဒါလေးပြန်ပြီးတော့ ဝန်ချတယ်၊ ဝန်ချတဲ့အတွက် ကျေနပ်ပြီးတော့မှ မူလတိုင်ကြားစာကို ပြန်လည်ရုပ်သိမ်းပေး ဖို့ ကျနော်တို့ဆီ ပြန်တင်တာပါ"

ပြီးခဲ့တဲ့ ဧပြီလက "စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း"ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖော်ပြခဲ့ရာမှာ တပ်တွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် သတင်းဖော်ပြခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့က ကမာရွတ်မြို့နယ်ရဲစခန်း မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ နဲ့ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

အမှုဖွင့်ပြီးနောက် 7Day သတင်းစာနဲ့ တပ်မတော်တာဝန်ရှိသူတွေကြား ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး 7 Day သတင်းစာ က ဒီနေ့ တပ်မတော်သို့ ပန်ကြားလွှာ ထုတ်ပြန်ပြီး တောင်းပန်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိမှု မရှိဖို့နဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်ဖို့ သွေးထိုးလှုံဆော်တဲ့ သဘောနဲ့ သတင်းရေးသား ခဲ့တာမဟုတ်ကြောင်းနဲ့ နောင်တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြရာမှာ စနစ်တကျတည်းဖြတ်သွားမှာဖြစ်ကြောင်း ဒီနေ့ထုတ် 7 Day Daily သတင်းစာနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြ ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။