ဇူလိုင် ၇ ရက်အမှတ်တရ တကသ အဆောက်အဦးဟောင်း နေရာမှာ လွမ်းသူပန်းခွေချကြ

ခင်မောင်စိုး
2020.07.07

၁၉၆၂ ခုနှစ် ဇူလိုင်လ ရ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ပစ်ခတ်သတ်ဖြတ်လို့ ကျောင်းသားတွေရာနဲ့ချီ သေဆုံးခဲ့ရတာကို ဝမ်းနည်းဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားတချို့ ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မြန်မာ့တပ်မတော်က ဝန်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို အာဏာသိမ်းဖယ်ရှားခဲ့ပါတယ်။ နောက် ၄ လအကြာ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး သမဂ္ဂအဆောက်အဦးရှေ့နဲ့ အဓိပတိလမ်းမပေါ်မှာ ခေတ္တရပ်နားနေကြတဲ့  ကျောင်းသားတွေကို တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ နေရာယူထားတဲ့  စစ်တပ်က စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ မန္တလေးဆောင်က ကျောင်းသားတချို့လည်း ပစ်ခတ်ခံရသူတွေထဲမှာ ပါဝင်ပါတယ်။ နောက်တနေ့ ဇူလိုင် ၈ ရက်နေ့ မနက်စောစောမှာတော့ တကသ အဆောက်အဦးကို စစ်တပ်က ဒိုင်းနမိုက်တွေနဲဲ့ ဖြိုခွဲဖျက်ဆီးလိုက်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ၅၈ နှစ်ကြာခဲ့ပါပြီ။ အခုအချိန်ထိ သတ်ဖြတ်မှုနဲ့ တကသ အဆောက်အဦး ဖြိုဖျက်မှုတွေအတွက် ဘယ်စစ်အာဏာပိုင်တွေကမှ တာဝန်ခံခဲ့ခြင်းမရှိပါဘူး။ ကျောင်းသားနဲ့ ပြည်သူတွေက အနက်ရောင်အဝတ်အစား တခုခု ဝတ်ဆင်ခြင်း၊ စာစောင်ပိုစတာကပ်ခြင်း စတာတွေ အပါအဝင် အမှတ်တရ လှုပ်ရှားမှုတွေကို နှစ်စဉ် နည်းမျိုးစုံနဲ့ ပြုလုပ်ခဲ့ပါတယ်။ မနေ့က လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒဂုံတက္ကသိုလ်  ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ဒီနှစ်အတွက် ကျောင်းသားသမဂ္ဂ ၁၃ ခု ပေါင်းပြီး ကြိုတင်ပြင်ဆင်ခဲ့ကြတယ်လို့ RFA ကိုပြောပါတယ်။

“အွန်လိုင်းကနေ ကျောင်းသားတွေကြားထဲပိုပြီး ပျံ့နှံ့နိုင်မဲ့ 7 July ဆိုတာဘာလဲ ဆိုတာကို သိရှိနိုင်အောင် ကျနော်တို့လုပ်ကြမယ်လို့ တိုင်ပင်ခဲ့ကြတာ။ အဲဒီအတွက် ဇူလိုင် ၁ ရက်က စပြီး သက်ဆိုင်ရာ  ကျောင်းသား သမဂ္ဂ စာမျက်နှာတွေကနေ 7 July နဲ့ ပတ်သက်တဲ့အကြောင်းတွေ နေ့စဉ်တင်တယ် ၁၉၆၂  ကျောင်းသား  ဟောင်းတွေကို အင်တာဗျူးကြတယ်။ ပြီးတော့ web page မှာ တင်တယ်။ ၇ ရက်နေ ့ရောက်တဲ့အခါမှာ မနက်ပိုင်းမှာ သက်ဆိုင်ရာသမဂ္ဂ ရုံးခန်းတွေမှာ အလံ တဝက်ချတယ် အလေးပြုတာတွေလုပ်တယ်။ ၁၉၆၂ ဇူလိုင် ရ ရက်နေ့မှာ ကျဆုံးတဲ့ ကျောင်းသားတွေကို ရည်ရွယ်ပြီးတော့ ဦးညွှတ်အလေးပြုကြတာ။  နောက်ပြီး  မနက် ၉ နာရီကနေ ၁၂ နာရီအတွင်း ရင်ပြင်နီကို တိုက်ရိုက်သွားကြတယ်၊  ကျောင်းသားသမဂ္ဂ ၁၃ ဖွဲ့လုံး စုပေါင်းချီတက်ဖို့ သိပ်အဆင်မပြေဘူး Covid 19 ဖြစ်ရပ်က ရှိနေတော့ တကျောင်းချင်းစီဘဲ အလေးပြုကြမယ် ဆိုပြီးတော့ တကျောင်းအများဆုံး ၅ ယောက်သွားပြီး အလေးပြုကြတယ်။ ပြီးတော့ ကျောင်းသားသမဂ္ဂ ၁၃ ဖွဲ့က စုပေါင်းထုတ်ပြန်တဲ့ ကြေညာချက်ကို ဖတ်ကြတယ်။”

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်းနဲ့ ဗိုလ်အောင်ကျော် အမှတ်တရ ကျောက်တိုင်ကို မနေ့က သွားရောက် ဂုဏ်ပြုခဲ့ကြသူတွေထဲမှာ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အုပ်စုလည်း ပါဝင်ပါတယ်။ ဦးစံနုကတော့ ၁၉၇၅ ခုနှစ် လှုပ်ရှားမှုနဲ့ ဖမ်းဆီးခံခဲ့ရသူပါ။

“7th July တိုက်ပွဲဆိုတာဟာ ဗမာပြည်ရဲ့ ဒီမိုကရေတိုက်ပွဲ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ တိုက်ပွဲအစလို့ ပြောလို့ရပါတယ်။ အဲဒါကို ကျနော်တို့က အမှတ်တမဲ့ မေ့မေ့ပျောက်ပျောက်  မဖြတ်သန်း ချင်ပါဘူး။ အဲဒါကြောင့်မို့ ကိုဗစ်ကာလ တကမ္ဘာလုံး ကပ်ဘေးဆိုက်နေတဲ့ကာလမှာ အတတ်နိုင်ဆုံး ကျနော်တို့ စုစည်းပြီးတော့ ၇၄၊ ၇၅၊ ၇၆ ဆိုတဲ့ နိုင်ငံရေးအင်အားစုက ကျန်တဲ့မျိုးဆက်အင်အားစုတွေနဲ့ အတူ ပေါင်းစပ်ပြီးတော့မှ ဂုဏ်ပြုပန်းခွေ သွားချပါတယ်။ တက္ကသိုလ်အသီးသီးက သမဂ္ဂတွေအားလုံး အလေးပြုကြတယ်။ အမျိုးသားကယ်ဆယ်ရေးနဲ့ ကုသရေး ကိုဗစ်ကော်မတီက စည်းကမ်းတွေကို အတတ်နိုင်ဆုံးလိုက်နာတဲ့အနေနဲ့ နှာခေါင်းစည်းတွေတပ်တယ် ခပ်ခွာခွာနေကြတယ် ပြီးတော့ အလေးပြုပြီး ချက်ချင်း ပြန်ထွက်ခွာလာကြတယ်”

ဒီ အစုအပြုံလိုက်ပစ်ခတ်မှုမှာ အသက်ဆုံးခဲ့တဲ့ ကျောင်းသားအရေအတွက်ကို အခုအချိန်ထိ အတိအကျ မသိရပါဘူး။ ကျောင်းသားဦးရေ ရာနဲ့ချီသေဆုံးခဲ့ပြီး အလောင်းတွေကို မြန်မာ့ တပ်မတော်ရေတပ်က သင်္ဘောတစင်းနဲ့ ကမ်းလွန်ပင်လယ်မှာ စွန့်ပစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေမယ့်  အတည်ပြုလို့ မရနိုင်ပါဘူး။

အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ ကရင်တိုင်းရင်းသား  ခေါင်းဆောင်တဦးကတော့ သေဆုံးတဲ့အလောင်းတွေကို မန္တလေးဆောင်အတွင်းမှာ စစ်တပ်က စုပုံထားခဲ့ပြီးမှ စစ်ကားတွေနဲ့သယ်ဆောင်သွားခဲ့တယ်။ နောက်တနေ့ မန္တလေးဆောင်ကို သူသွားကြည့်တဲ့အခါ အခန်းထဲမှာ ကျန်ခဲ့တဲ့သွေးအိုင်ဟာ ၂ လက်မလောက်အနက်ရှိတယ်လို့ RFA ကို တရားဝင် ပြောခဲ့ဖူးပါတယ်။

ကိုမင်းဟန်ထက်ကတော့ အမှန်တရားနဲ့ မျှတမှုပေါ်ပေါက်ရေးဟာ ကျောင်းသားတွေရဲ့ သမိုင်းပေးတာဝန်ပဲလို့ ပြောပါတယ်။

“ ၁၉၆၂ ကျောင်းသားကြီးတွေရဲ့ ပေးဆပ်မှုက သိပ်ကြီးမားခဲ့ပါတယ်။ အဲဒါတွေအတွက် အခုအချိန်ထိ တရားမျှတမှု မရသေးဘူး။ ဒီကိစ္စဟာ ကျနော်တို့ရဲ့ သမိုင်းပေးတာဝန်လို့ ကျနော်တို့ယူဆတယ်။”

ပြည့်စုံတဲ့ ၇ ဇူလိုင်အရေးအခင်းမှတ်တမ်းပေါ်ထွက်ရေး နဲ့ ဖြိုဖျက်ခံရတဲ့ တကသ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးတွေကို နိုင်ငံရေးသမားတွေ နှစ်များစွာ ပြောဆိုခဲ့ကြပေမယ့် အခုအချိန်ထိတော့ အကောင်အထည်ဖော်နိုင်ခြင်း မရှိပါဘူး။ နောက်ထပ်ဘယ်လောက်ကြာဦးမလဲဆိုတာကလည်း အဖြေမရှိသေးတဲ့ မေးခွန်းတပုဒ်ဖြစ်နေဆဲပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။