လှူဒါန်းမှု ၈၅ ရာခိုင်နှုန်းကို စစ်လက်နက် ပစ္စည်းအတွက် အသုံးပြုတယ်လို့ NUG ပြော

2022.03.14
လှူဒါန်းမှု ၈၅ ရာခိုင်နှုန်းကို စစ်လက်နက် ပစ္စည်းအတွက် အသုံးပြုတယ်လို့ NUG ပြော ၂၀၂၁ ခုနှစ်၊ မေလမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ စခန်းတစ်ခုမှာ အခြေခံစစ်ပညာသင်ကြားနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားသူတစ်ဦးကို တွေ့ရစဉ်။
Photo:AFP

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ မတ်လ ၁၃ ရက်နေ့အထိ ပြည်သူတွေရဲ့ လှူဒါန်းမှုကနေ အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရရှိခဲ့ပြီး ဒီငွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကို စစ်လက်နက်ပစ္စည်း ဝယ်ယူမှုနဲ့ ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ခဲ့တဲ့ ၆ လပြည့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ထည့်သွင်းပြောထားတာပါ။

ပြည်သူ့တော်လှန်ရေးရဲဘော်တွေ အဓိကလိုအပ်နေတဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းတွေကို ဒီထက်ပို တပ်ဆင်ပေးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ထပ်တိုးကူညီပေးကြဖို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တောင်းဆိုလိုက်ပါတယ်။

ခုခံတွန်းလှန်စစ်မှာ လက်တွဲဆောင်ရွက်နေတဲ့ မဟာမိတ်တွေ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ရန်ပုံငွေရဲ့ ၇ ရာခိုင်နှုန်းကို မျှဝေသုံးစွဲခဲ့တယ်လို့လည်း ပြောပါတယ်။

PDF တွေဟာ ဒီနေ့ပြည်သူတွေရဲ့ မျှော်လင့်ချက်ဖြစ်သလို တော်လှန်ရေးအတွက် အဓိကကျပြီး လက်ရှိ ၂၀၂၂ ခုနှစ်ဟာလည်း ပြည်သူ့တော်လှန်ရေးအတွက် အဆုံးအဖြတ်ကျမယ့် အရေးကြီးတဲ့နှစ်ဖြစ်တယ်လို့ ရေးသား ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ NUG ထံက အထောက်အပံ့တောင်းယူခွင့်ရှိပြီး ဝန်ကြီးဌာနအနေနဲ့ စစ်ရေး လိုအပ်ချက်ပေါ်မူတည်ပြီး ထောက်ပံ့ပေးမှာဖြစ်တယ်လို့ NUG က အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။