ပွင့်လင်း လူ့အဖွဲ့စည်းတစ်ရပ် ပေါ်ပေါက်ရေး ၈၈ မျိုးဆက်တို့ ကြိုးပမ်းနေ
2012.02.24
အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်စဉ်။
RFA
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၁၁ ဦးဟာ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မန္တလေးတိုင်း တံတားဦးက ဘဝအလင်း ဆရာတော်ကို ဒီကနေ့ မနက်ပိုင်း
တွေ့ဆုံ ဖူးမြော်ခဲ့သလို မွန်းလွဲပိုင်းမှာ ပြင်ဦးလွင် အာရှ အလင်းရောင်ဖေါင်ဒေးရှင်းက ဦးဆောင်ဆရာတော်ကို ဖူးမြော်လျှောက်ထားပြီး စန္ဒိသုခ နာရေးကူညီမူအသင်းကိုလည်း
သွားရောက်ခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ခုလိုပြောပါတယ်။
“နိုင်ငံရေး အင်အားစုတွေကိုလည်း ထိတွေ့တဲ့အပြင် ရပ်ကွက် လူ့အဖွဲ့အစည်းတွေနဲ့လည်း ကျွန်တော်တို့က ထိတွေ့မယ်။ ထိတွေ့ပြီးတော့ ပွင့်လင်း လူ့အဖွဲ့အစည်းပေါ့။
အခုဟာက အခြေအနေက ဘယ်လိုလဲဆိုတော့ ပွင့်ပွင့်လင်းလင်းမရှိတဲ့ အခြေအနေပေါ့။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကိုက ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ဖို့အတွက် လွှတ်တော်
နိုင်ငံရေး အားကောင်းအောင်လည်း လုပ်မယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းအောင်လည်း ကျွန်တော်တို့က လုပ်မယ်။ အဲဒီ ရည်ရွယ်ချက်နှစ်ခုကို ကျွန်တော်တို့
အကောင်အထည် ဖော်မယ်”
အဖွဲ့မှာ ကိုဂျင်မီ၊ ကိုအံံ့ဘွယ်ကျော်၊ မနီလာသိန်း၊ မမီးမီး၊ စမ်းချောင်းကိုကိုကြီးတို့လည်း ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ မနက်ဖြန်မှာ မြစ်ကြီးနားက ရောက်ရှိလာမယ့် ကိုမင်းကိုနိုင်တို့အဖွဲ့နဲ့
ပူးပေါင်းပြီး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မနက်ဖြန် မွန်းလွဲ ၁ နာရီမှာ ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ မန္တလေး တံတားဦးလေဆိပ်ကို ဆိုက်ရောက်မှာ ဖြစ်တယ်လို့
သိရပါတယ်။









