ကိုမြအေးနှင့် ၈၈ မျိုးဆက်များ KNPP နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့ (၆) ဦးပါအဖွဲ့ဟာ KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့အတွက် ကယားပြည်နယ် လွိုင်ကော်မြို့ကို အခုလ (၁၀) ရက်နေ့မှာ သွားရောက်မယ်လို့ RFA က စုံစမ်းသိရပါတယ်။

2012.09.05
mya-aye-b305 ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေး ဖြစ်ပါသည်။
RFA

ဒီခရီးစဉ်အတွင်း KNPP ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဖု့ိ ရှိသလို ကရင်နီလူငယ် အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးဖို့ရှိတယ်လို့ ကိုမြအေးက RFA ကို ပြောပါတယ်။

"ကယားမှာ ကျွန်တော် KNPP နဲ့တွေ့ဖို့ရှိတယ်။ နောက်လူငယ် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဖို့ ရှိတယ်ခင်ဗျ။ အဓိကကတော့ လက်ရှိ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေရဲ့ အခြေအနေ၊ အပစ်အခတ်ရပ်စဲထားတဲ့ အပေါ်မှာ ရှိနေတဲ့ အခြေအနေ၊ နောက်အနာဂတ်အတွက်ကို တိုင်းရင်းသားတွေ တန်းတူညီမျှရေး အခွင့်အရေးတွေ ရရှိဖို့အတွက် ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတဲ့ အပိုင်းပါပဲ။ ဒါတွေကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တဖြေးဖြေးတော့ ကျွန်တော်တို့လိုချင်တဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့ ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်လာဖို့ဆိုတဲ့ ဟာကိုတော့ အားလုံးဝိုင်းဝန်း လုပ်မှရမှာဆိုတော့ အဲဒီအခြေခံ သဘောတရားဟာကိုပဲ ဆုတ်ကိုင်ထားပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်"

ကိုမြအေးဟာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်ဖို့ အဓိက တာဝန်ယူထားရသူဖြစ်ပြီး မကြာသေးခင်က ကချင်ဒေသကို သွားရောက်ပြီး KIO/KIA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို၊ ကရင်ပြည်နယ်ကိုလည်း သွားရောက်ပြီး KNU ကရင်အမျိုးသား အစည်းအရုံး အရာရှိတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ဒီအတောအတွင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးအတွက် စစ်တွေမြို့ကို ဒီကနေ့ ထွက်ခွာသွားတယ်လို့ သတင်းရရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။