၈၈ မျိုးဆက်တွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ စည်းရုံးရေး စတင်


2017.08.15
88-party-622.jpg ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရေးအခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့က ပုသိမ်မြို့မှာ ပြုလုပ်ခဲ့စဉ်
ဓါတ်ပုံ - နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေးကော်မတီ ဖေ့စ်ဘွတ်

၈၈ မျိုးဆက်တွေအဓိက ပါဝင်ဖွဲ့စည်းမယ့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးအတွက် ဗဟိုစည်းရုံးရေးကော်မတီ တာဝန်ရှိသူတွေဟာ ပထမဆုံးအဖြစ် ဒီနေ့ပုသိမ်မြို့မှာ ဧရာဝတီတိုင်းစည်းရုံးကော်မတီကို သွားရောက်ဖွဲ့စည်း ခဲ့ပါတယ်။  

ပါတီတည်ထောင်ဖို့ ဧရာဝတီတိုင်းက ထောက်ခံအားပေးမှုများတာကြောင့် ဧရာဝတီတိုင်းမှာ ဦးစွာစည်း ရုံးရေး ကော်မတီဖွဲ့ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဗဟိုစည်းရုံးရေးကော်မတီ ဒုတိယတာဝန်ခံ ဦးကျော်လင်း က ပြောပါတယ်။

"ပါတီဖြစ်မြောက်ရေးကို ထောက်ခံတဲ့ဒေသထဲမှာ ဧရာဝတီတိုင်းက အားကောင်းတယ်။ ဒါကြောင့် ကျနော်တို့ က ဒီဧရာဝတီတိုင်းကို စတင်ရွေးချယ်ရတာ။ ဒါပြီးရင် ကျနော်တို့ ဒုတိယအနေနဲ့ မကွေးတိုင်းကိုသွားဖို့ အစီစဉ်တွေ ရှိပါတယ်။"

ပါတီမှတ်ပုံတင်ဖို့ လိုအပ်တဲ့ ပါတီဝင်အင်အား ၁၀၀၀ ခန့်ကို အချိန်မရွေးတင်ပြနိုင်ပေမယ့် တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ စည်းရုံးရေးလုပ်ငန်းတွေဆောင်ရွက်ပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းရောက်မှ မှတ်ပုံတင်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ပါတီနာမည်ပေးရေးကိစ္စအတွက် ဆုံးဖြတ်ထားတာ မရှိသေးကြောင်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးရေးလုပ်ငန်းတွေဆောင်ရွက်ပြီးမှ အများသဘောတူညီချက်နဲ့ ပါတီနာမည်ပေးဖို့ စီစဉ်သွားမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်း စည်းရုံးရေးကော်မတီရုံးကို ဟင်္သာတမြို့မှာ ဖွင့်လှစ်ထားရှိဖို့ ဒီနေ့ သဘောတူခဲ့ကြပြီး စည်းရုံးရေး ကော်မတီကို ခေါင်းဆောင် ၅ဦး၊ ကော်မတီဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။