၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ထိုင်းနိုင်ငံ လေ့လာရေးခရီး


2013.03.18
88-thai-305.jpg ထိုင်းနိုင်ငံရောက် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ် MR. DAMRONG နဲ့အဖွဲ့တို့ တွေ့ဆုံနေပုံ
photo: 88 Facebook

ထိုင်းနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Damrong KRAIKRUAN (မစ္စတာ ဒမ်မရွန်း ကရိုင်ကရူယန်) နဲ့ တွေ့ဆုံဆွေးနွေးပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်များအရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဒီနေ့မှာ RFA ကို ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေကို  မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး အကြံပေးဆွေးနွေးခဲ့တယ်လို့ ခရီးစဉ်မှာဦးဆောင်လာသူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်အရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးရာမှာ သူတို့တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး၊ မြန်မာပြည်ပြန်အခြေချ နေထိုင်ရေးအတွက်  လိုအပ်တဲ့ပြင်ဆင်မှုတွေကို ညှိနှိုင်းဆောင်ရွက်နေတာတွေရှိကြောင်း  ထိုင်းအစိုးရ ညွှန်ကြားရေးမှူးချုပ် Mr. Damrong Kraikruan က ရှင်းပြကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးပြုံးချို၊ ဦးမြအေး၊ ဦးအံ့ဘွယ်ကျော်၊ ဦးထွန်းမြင့်အောင်နဲ့ ဦးကျော်ဖော်တို့ ပါဝင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မတ်လ ၂၀ရက်နေ့မှာတော့ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

အဲဒီနောက် မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးပမ်းရာမှာ အထောက်အကူရဖို့အတွက် ထိုင်းနိုင်ငံအတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပွားနေခဲ့တဲ့ ပတ်တနီ၊ ယာလနဲ့ နရာသီဝပ်ခရိုင်တွေကိုလည်း သွားရောက်ပြီး ထိုင်းအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ခရီးရောက်နေတဲ့ အနေအထားကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။