ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် ရန်ကုန်တက္ကသိုလ်မှာ ကျင်းပမည်

2018-07-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: RFA

ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့  ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Center) မှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြောပါတယ်။

"နှစ် ၃ဝ ပြည့် အခမ်းအနားကိုကျတော့ ပထမ ဒီရန်ကုန်တက္ကသိုလ်ထဲမှာ လုပ်ချင်တယ်၊အဲဒါမှ မရရင် တခြားနေရာပေါ့၊ ဒါပေမဲ့ ဦးစားပေးကတော့ ဒီရန်ကုန်တက္ကသိုလ် RC ပေါ့၊ နောက်ဆုံး ဒီကိစ္စကို အစိုးရကို နေရာတောင်းတယ်၊ နေရာတောင်းတဲ့အခါမှာ တင်ပြတဲ့အခါမှာ နံပါတ် ၁ ဦးစားပေးဖြစ်တဲ့ ဒီ RC နေရာကို အစိုးရက ခွင့်ပြုပေးလိုက်တယ်။ ဒီကျောင်းထဲမှာ ရှစ်လေးလုံး နှစ် ၃ဝ ပြည့် အရေးတော်ပုံ အခမ်းအနားကြီးကို ပြန်ပြီးကျင်းပခွင့်ရတဲ့အခါကျတော့ အဲဒီကျောင်းထဲမှာ ထပ်ပြီးတော့ ကျနော်တို့ ခြေနင်းပြီးတော့ ကျနော်တို့ရဲ့ အနာဂတ်နိုင်ငံရေးအတွက် ဆွေးနွေးကြမယ်၊ သုံးသပ်ကြမယ် အခမ်းအနားတွေကျင်းပကြမယ့် အစီအစဉ်ပေါ် မှာလည်း ကျနော့်အနေနဲ့ စိတ်ထဲမှာ လေးလေးနက်နက်ခံစားရပါတယ်"

နှစ် ၃ဝ ပြည့် ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနားကို လာမယ့် သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

အခမ်းအနား အစီအစဉ်တွေအနေနဲ့  သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာတော့ ၁၉၈၈ ခုနှစ်ကနေ ဒီနေ့အထိ ဖြတ်သန်းခဲ့တဲ့ နှစ် ၃ဝ ကာလကို ပြန်လည်သုံးသပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပြီး ၈၈ အရေးတော်ပုံကာလနဲ့ ဆက်စပ်တဲ့ မှတ်တမ်းတွေကို ပြခန်းတွေနဲ့ ပြသသွားမယ်လို့ ပြောပါတယ်။

သြဂုတ်လ ၈ ရက်နေ့မှာတော့ နှစ် ၃ဝ ပြည့် ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနားကို ကျင်းပမှာဖြစ်ပြီး သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်မှာ ကျင်းပထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကရတဲ့ ရလာဒ်သုံးသပ်ချက် စာတမ်းတွေကို လူထုကို အသိပေး ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့