၈၈ အရေးတော်ပုံ နှစ် ၃ဝ ပြည့် ယူတီကာမြို့မှာ ကျင်းပ

2018-08-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: RFA

၁၉၈၈ အရေးတော်ပုံ နှစ် ၃ဝ ပြည့် အမှတ်တရ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးလှုပ်ရှားသူတွေက နယူးယောက်ပြည်နယ် ယူတီကာမြို့မှာ စနေနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ကျဆုံးကွယ်လွန်ခဲ့သူတွေကို ရည်စူးကာ သံဃာတွေကို ဆွမ်းကပ်လှူပြီး လွမ်းသူပန်းခွေတွေလည်း ချခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် တက်ရောက်သူတချို့က အရေးတော်ပုံကာလ အမှတ်တရ အတွေ့အကြုံတွေနဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ပြောဆိုခဲ့ကြပါတယ်။ ပါဝင်ဟောပြောခဲ့တဲ့ ဆရာတော် အရှင် ဇဝနက ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွဲရဦးမယ်လို့ RFA ကို ပြောပါတယ်။

"ယနေ့အချိန်အခါမှာ ဦးဇင်းတို့ တတိုင်းပြည်လုံးကို လွှမ်းမိုးထားဆဲဖြစ်တယ်၊ ၂ဝဝ၈ အခြေခံဥပဒေကြီးကို ဖျက်သိမ်းပြီးတော့ ပြည်သူတွေ တကယ်လိုချင်တဲ့ လွတ်လပ်သော၊ တရားမျှတသော၊ အေးချမ်းသာယာသော ဒီမိုကရေစီနိုင်ငံကြီးကို မလွဲမသွေရောက်နိုင်တယ်ဆိုတဲ့ ဥစ္စာဟာ ရှစ်လေးလုံအခြေခံထားရင် ဖြစ်ကိုဖြစ်ရမယ်လို့ ဦးဇင်း ယုံကြည်ပါတယ်၊ ဒီပခြေခံစိတ်ဓာတ်နဲ့ပဲ ယနေ့ နှစ် ၃ဝ မြောက် ၈၈၈၈ နှစ်ပတ်လည်အခမ်းအနားကြီးကို ဦးဇင်းတို့ ကျင်းပရခြင်းဖြစ်ပါတယ်"

တက်ရောက်သူတွေထဲမှာ ပါဝင်သူ နောက်တစ်ဦးကတော့ ၁၉၈၈ အရေးတော်ပုံကာလအတွင်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် လူငယ်သမဂ္ဂ ဒု ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဌေးအောင်ပါ။ ၁၉၈၈ ခုနှစ်ဟာ လွတ်လပ်ရေးနှစ် ၄ဝ ပြည့်ကာလနဲ့ တိုက်ဆိုင်နေခဲ့တဲ့အတွက် အဲဒီတုန်းက သူတို့ နာရီ ၄ဝ ကြာ အစာငတ်ခံ သပိတ်မှောက်ခဲ့ကြတာကို ပြန်လည်သတိရမိတယ်လို့ RFA ကို ပြောပါတယ်။

"၈၈ ဆိုတာကလည်း ကျနော်တို့ လွတ်လပ်ရေးရပြီးအချိန်က နှစ် ၄ဝ တင်းတင်းပြည့်သွားပြီ၊ ကျနော်တို့ အစာငတ်ခံဆန္ဒပြကြတဲ့အခါမှာ အဲဒါလေးကို သတိပြုမိတဲ့အနေနဲ့ နာရီ ၄ဝ ဆိုပြီးတော့မှ ကျနော်တို့က အစာငတ်ခံဆန္ဒပြခဲ့ကြတယ်၊ အစာငတ်ခံဆန္ဒပြပြီးထွက်တဲ့ ညနေပိုင်းမှာပဲ အဲဒီပစ်ခတ်မှုတွေကစတာပဲ၊ အဲဒါတွေ ပြန်ခံစားတဲ့အခါမှာ ဝမ်းနည်းတယ်ပေါ့ဗျာ၊ ဒါပေမဲ့ ဒီမှာ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာ နှစ် ၃ဝ ပြည့်တဲ့အချိန်မှာ ပါဝင်ပြီးတော့ လုပ်လိုက်ရတဲ့အတွက် ကျနော် ဂုဏ်လည်းဂုဏ်ယူတယ်၊ ဝမ်းလည်းဝမ်းသာတယ် အဲဒါကို ပြောချင်ပါတယ်"

တော်လှန်ရေးသီချင်းသံတွေ ကြားနေရတဲ့ ယူတီကာမြို့က ၈၈ အရေးတော်ပုံ နှစ် ၃ဝ ပြည့်အခမ်းအနားကို ရဟန်းရှင်လူ ၃ဝ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့