ရှစ်လေးလုံးပါတီထောင်သူတွေရဲ့ နောက်ကြောင်းကို စစ်ဆေး


2018.02.18
88party-office-opening-ygn-622.jpg ရှစ်လေးလုံးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် ပထမဆုံးမြို့နယ် ရုံးခန်းဖွင့်လှစ်ပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သာကေတမြို့နယ်မှာ ကျင်းပစဉ်
Photo: Thant Zin Oo/ RFA

ရှစ်လေးလုံးပါတီ ဦးဆောင်တည်ထောင်သူတွေရဲ့ နောက်ကြောင်း ရာဇဝင်တွေကို ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဌာန ၄ ခု က စစ်ဆေးပြီးဖြစ်တယ်လို့ ပါတီ တည်ထောင်လိုသူတွေထဲက ဦးကိုကိုကြီးက ဒီနေ့ ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ အပါအဝင် ၈၈ ကျောင်းသားတချို့ စုစည်းပြီး ရှစ်လေးလုံးအမည်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတာ ၂လရှိပြီ ဖြစ်ပါတယ်။

တည်ထောင်ခွင့်ပြု၊ မပြုကို အကြောင်းပြန်ကြားခြင်းမရှိသေးဘူးလို့ ဦးကိုကိုကြီး က ပြောပါတယ်။

"အကယ်၍ တည်ထောင်ခွင့်ပြုတယ်ဆိုရင် ပုံစံ (ခ)၊ တည်ထောင်ခွင့် မပြုဘူးဆိုရင် ပုံစံ (ဂ) နဲ့ သူတို့ အကြောင်းပြန်ကြားရမှာဖြစ်ပါတယ်၊ အဲဒါဒီနေ့ဒီအချိန်အထိတော့ အကြောင်းပြန်ကြားခြင်း မရသေးပါဘူး၊ တစ်ခုကတော့ ဒါပြည်ထဲရေးဌာနကနေပြီးတော့ ဝန်ကြီးဌာနက SB၊ CID၊ နောက်တစ်ခါ စသုံးလုံးပေါ့၊ လူဝင်မှုကြီးကြပ်ရေး အဲဒီအဖွဲ့အစည်း ၄ ခုကနေ ကျနော်တို့ တည်ထောင်လိုသူတွေနဲ့ ပတ်သက်တဲ့ နောက်ကြောင်းရာဇဝင်တွေကို စိစစ်တာတွေ သူတို့လုပ်ပြီးသွားပါပြီ၊ ပြီးသွားတော့ သူတို့ ကော်မရှင် ကိုပြန်ပို့ထားတယ်လို့ သိရပါတယ်၊ များမကြာခင်တော့ ကော်မရှင်ကနေ အကြောင်းပြန်ကြားချက် ရလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်"

ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ရဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွက် ပထမဆုံးမြို့နယ် ရုံးခန်းဖွင့်လှစ်ပွဲကို ဒီကနေ့ သာကေတမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ မန္တလေး၊  ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်တို့မှာ ရုံးခန်းတွေ ဖွင့်လှစ်ထားပြီးဖြစ်ပေမယ့် ရန်ကုန်တိုင်းမှာ မြို့နယ်ရုံးအဖြစ်ကတော့ ပထမဆုံးရုံးခန်း ဖြစ်ပါတယ်။

မကြာခင်မှာလည်း မွန်ပြည်နယ်မှာ ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ကော်မတီဝင်တွေက ပြောပါတယ်။

ပါတီနာမည်နဲ့ပတ်သက်ပြီး ၈၈ ပဲခူးတိုင်း အနောက်ခြမ်း အထွေထွေ သပိတ်ကော်မတီနဲ့ ၈၈ ပဲခူးတိုင်း အနောက်ခြမ်း ၁၄ မြို့နယ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ဒီဇင်ဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြီး ကန့်ကွက်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်စာတင် ကန့်ကွက်သူ ရှိ၊ မရှိကို ကော်မရှင်က ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။