ပြည်သူ့ပါတီနာမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် ပြောင်းလဲလျှောက်ထားမည်


2018.07.08
88party-meeting-mdy-622.jpg နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က မန္တလေးမြို့ Golden City Light ဟိုတယ်မှာ ကျင်းပစဉ်
Photo: Khaymani Win/ RFA

ပြည်သူ့ပါတီနာမည်နဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပြောင်းလဲလျှောက်ထားဖို့ ဒီနေ့ မန္တလေးမြို့မှာ ကျင်းပတဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးဦးဆောင်ကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

နာမည် ပြောင်းလဲလျှောက်ထားဖို့ ဆုံးဖြတ်လိုက်သလို ဆင်တူရိုးမှား မဖြစ်နိုင်တဲ့ အမည် အလံနဲ့ တံဆိပ်တွေကို ရွေးချယ်ထားတယ်လို့  နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးတာဝန်ခံ ဦးကိုကိုကြီး က ပြောပါတယ်။

"ကျနော်တို့ သံဓိဋ္ဌာန်ချထားတာ မဖြစ်ဖြစ်အောင်ကို ကြိုးစားသွားမယ်။ ၈၈ ရဲဘော်တွေရော ကျနော်တို့နဲ့ လက်တွဲလုပ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေအတွက်ရော နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ နိုင်ငံရေးကို ဆက်လက်ဆောင်ရွက်ဖို့ သံဓိဋ္ဌာန်ချထားပြီးဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင် ဆက်ဆောင်ရွက်သွားမယ်။ သည်တစ်ကြိမ်မှာလည်း ဆင်တူရိုးမှား မရှိတဲ့ အမည်၊ အလံ၊ တံဆိပ်များကို ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်တော့ ထပ်ကန့်ကွက်တာမျိုးတော့ မရှိလောက်တော့ဘူးလို့ မျှော်လင့်ပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မနက်ဖြန်မှာ တင်ပြသွားမယ်လို့လည်း သိရပါတယ်။ ဒုတိယ အစီအစဉ်အနေနဲ့ အရန် နာမည်တစ်ခုကို စဉ်းစားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ မဟုတ်ဘူးလို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

ရှစ်လေးလုံးပါတီနာမည် နဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားရာမှာ နာမည်ကန့်ကွက်ခံရတဲ့အတွက် ရှစ်လေးလုံးပြည်သူ့ပါတီဆိုပြီး ပြောင်းလဲလျှောက်ထားပေမယ့် ထပ်မံ ကန့်ကွက်ခံထားရတာ ဖြစ်ပါတယ်။

မန္တလေးမြို့က Golden City Light ဟိုတယ်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ တိုင်းဒေသကြီးက ပါတီဝင်၂၀၀ ခန့်နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။