ရွေးကောက်ပွဲမှာ ALD ပါတီက ရခိုင်ပြည်နယ်ထဲ ထပ်တိုး နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်


2020.08.08
ald-office-taunggok-622.jpg တောင်ကုတ်မြို့ ဦးဥတ္တမလမ်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရုံးကို တွေ့ရစဉ်
ဓါတ်ပုံ - အောင်မင်းနိုင်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအနေနဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာနဲ့ သံတွဲမြို့နယ် အမျိုးသားလွှတ်တော်နေရာ မဲဆန္ဒနယ် ၁၁ တို့ မှာ ထပ်တိုးဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ALD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌ ဦးဦးလှမြင့်က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ဦးတင်ရီက ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သံတွဲမြို့နယ် အမျိုးသားလွှတ်တော် နေရာအတွက် ဒေါ်သိင်္ဂီစိုးတို့က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၄ နေရာအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မူလက စီစဉ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်းဖြစ်သူ ဒေါက်တာ တင်မာအောင်ဟာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဦးအေးသာအောင် ဦးဆောင်တဲ့ ALD ပါတီနဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ RNDP ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ ပူးပေါင်းခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ နှစ်ပါတီပေါင်းထားတဲ့ ANP အနေနဲ့ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင် ခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ၂၅၊ ပြည်နယ်လွှတ်တော်မှာ ၂၂ နေရာရထားပါတယ်။ ၂၀၁၇ ခုနှစ် မှာတော့ ANP ပါတီကနေ ALD ပါတီက ပြန်ထွက်လိုက်ပြီး သီးခြားပြန်တည်ထောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။