ကိုဗစ်ပိုးကို ပုဂ္ဂလိက ဆေးရုံတွေမှာပါ စစ်နိုင်ဖို့ ဌာနဆိုင်ရာနဲ့ ညှိနှိုင်းနေ

ခင်မောင်စိုး
2020.10.23

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွေကို လက်ရှိမှာ အစိုးရဆေးရုံတွေ ဆေးခန်းတွေမှာပဲ ပြုလုပ်နေရာကနေ ပုဂ္ဂလိက ဆေးရုံတွေကို ပြုလုပ်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။
အဲဒီကိစ္စအတွက် အစိုးရကျန်းမာရေးဌာန နဲ့ ပုဂ္ဂလိက ဆေးရုံတာဝန်ရှိသူတွေ မနေ့က တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူတသန်းကို တစ်သောင်းခြောက်ရာကျော်ပဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးရှိ-မရှိ စစ်ဆေးပေး နိုင်သေးတယ်လို့ ကမ္ဘာ့သုတေသီတွေ ဖွဲ့စည်းထားတဲ့ Worldometer စာရင်းအရ သိရပါတယ်။

လက်ရှိမှာကူးစက်မှုတွေ ပိုမိုသိရှိနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံတွေကို စစ်ဆေးခွင့်ပြုဖို့  အစိုးရက ညှိနိုင်းနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အောက်မြန်မာပြည် ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာ အေးအေးစန်း က …

“ကျမတို့ ဒီနေ့ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ဆရာကြီး ဆရာမကြီး တွေရယ်၊ ဆေးပညာရှင်များ အဖွဲ့က ဆရာကြီးတွေရယ်၊ နောက် NHL က ဆရာမကြီးတို့တွေ အကုန်လုံး ကျမတို့ ပုဂ္ဂလိက ဆေးရုံအသင်းနဲ့ အစည်းအဝေးလုပ် ညှိနှိုင်းပြီးတော့ Rapid Test ကို ပုဂ္ဂလိကဆေးရုံမှာ ဘယ်လိုအစီအစဉ်နဲ့ ပေးစစ်မလဲဆိုတာ ညှိနှိုင်းကြတယ်။ အဲဒါ့အပြင် PCR စက်တွေကိုပါ ပုဂ္ဂလိကဘက်က တင်သွင်းပြီး လုပ်မယ်ဆိုရင် အစိုးရက လမ်းညွှန်မှုတွေ ပေးမယ်ပေါ့နော်။ ဒါ့ကြောင့် မကြာခင်မှာ ပုဂ္ဂလိက ဘက် မှာလည်း Rapid test ရော PCR test ရော စစ်လို့ရလာဖို့ရော အခွင့်အလမ်းရှိပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိမှုနှုန်းဟာ ရန်ကုန်တိုင်းမှာ အနည်းငယ်ကျ ဆင်းလာနေပေမယ့် ကျန်တပြည်လုံးမှာ တိုးလာနေပါတယ်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် Fever Clinic မှာ တာဝန်ယူနေတဲ့ ဒေါက်တာဉာဏ်လင်းမြင့်ထွန်းက-

“ရန်ကုန်တိုင်းအနေနဲ့ ဖြစ်ပွားမှုနှုန်းကျလာပြီလို့ သတ်မှတ်တယ်။ တခြားပြည်နယ်တွေမှာတော့ အခု တက်လာပြီ၊ အရင်က ၁ ယောက် ၂ ယောက်ပဲ ရှိရာကနေ အခု ဆယ်ဂဏန်းဖြစ်လာပြီ အဲလိုဖြစ်လာ ပြီဆိုရင် တောက်လျှောက်တက်လာနိုင်တယ်။”


ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းကို ကူးစက်ပြန့်ပွားမှုတွေကို ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

“အများဆုံးဖြစ်နေတာက မအူပင်၊ မအူပင်က ၂ဝဝ ကျော်နေပြီ၊ အဓိက ရန်ကုန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာတွေက ပိုးကူးစက်မှုများတယ်။ မအူပင်တို့ ၊ မော်ကျွန်းတို့မှာ ဝင်ပေါက်တွေက များတဲ့အခါကျတော့ ကုန်းလမ်းတခုထဲမဟုတ်ဘူး ရေလမ်းတွေကလည်း ဝင်လာလို့ ရတယ်။ ဧရာဝတီတိုင်းရဲ့ အဝင်အထွက်က ညောင်တုန်း မယ်ဇလီဂိတ်က အဓိက ပေါ့နော်။ အဲဒီ ညောင်တုန်း မယ်ဇလီဂိတ်ကို ကျနော်တို့က လှမ်းပြီးတားထားတယ်။ အဲဒီကနေ ပုသိမ်ကိုပြန်လာမယ့်သူရှိရင် ကျနော်တို့က လူနာတင်ယာဉ်နဲ့ သွားကြိုတယ်။ ပြီးရင် quarantine စင်တာထဲ တန်းထည့်တယ်။ အဲဒီ ညောင်တုန်းဂိတ်ကို ထိန်းထားနိုင်လို့သာ ကျနော်တို့ ဧရာဝတီတိုင်းကို ထိန်းထားနိုင်တယ်ပေါ့နော်။ ညောင်တုန်းဂိတ်ကို လွှတ်ပေးလိုက်ရင် ကျနော်တို့ဧရာဝတီတိုင်းက ရန်ကုန်ကနေ ပိုးကူးစက်လာနိုင်နှုန်းက ချက်ခြင်းထိုးတက်လာနိုင်တယ်။”


အခုလိုအခြေအနေမှာ သူတို့အသင်းက အစိုးရနဲ့ ပူးပေါင်းပြီး ဗိုင်းရပ်စ်ပိုးစစ်ဆေးမှုတွေဆောင်ရွက်ပေး နေတယ်လို့ အောက်မြန်မာပြည် ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာ အေးအေးစန်းက ပြောပါတယ်။

“ဥပမာ ရန်ကုန်တိုင်းမှာ ဧရာဝတီ Test Center မှာဆိုရင်လည်း ကျမတို့ အသင်းက အဖွဲ့တဖွဲ့ လွှတ်ထားပေးတယ် လူ ရ ယောက်လောက်ပါတယ်။ နောက်တခုက အဝေးပြေးကားဂိတ်တွေက ကားမောင်းသူတွေ ယာဉ်နောက်လိုက်တွေကို စစ်ဆေးပေးတာရှိတယ်။ လောလောဆယ်တော့ ကျမတို့ ရန်ကုန်အမြန်လမ်း လမ်းဟောင်း လမ်းသစ်ဂိတ်တွေမှာ စစ်နေတယ်။ နောက် ဧရာဝတီ ဘက်သွားတဲ့ အဝင်အထွက်ဂိတ်ပေါ့။ အဲဒီဂိတ် ၃ နေရာမှာ ကျမတို့ ပုဂ္ဂလိက ဆေးရုံတွေက ဝန်ထမ်းတွေအပြင် ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေဖြစ်တဲ့ SML တို့ ၊ NiNi Lab တို့ N Health Lab တို့က ပညာရှင်တွေပါတယ်။ ဒီအဖွဲ့က ကျမတို့အားလုံး ၇၈ ယောက်လောက်ရှိတယ် ဝန်ဆောင်မှု ပေးနေတယ်”

မနေ့ညက စာရင်းအရ မြန်မာပြည်မှာ ကိုဗစ် ၁၉ ကူးစက်မှုအတည်ပြုလူနာ ၄၂၃ဝဝ ကျော်နဲ့ သေဆုံးသူ ၁ဝဝဝ ကျော်ရှိပါတယ်။ ဒါကြောင့် လူတွေမှာ ဗိုင်းရပ်စ်ပိုးဘယ်လောက်ကူးနေလဲဆိုတာ တိတိကျကျသိနိုင်အောင် စစ်ဆေးနိုင်ခွင့် ဘယ်လောက်ရှိလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။