မြစ်ကြီးနားမြို့ အထက်ဘက် မြစ်ဆုံ စီမံကိန်းတည်ရှိရာ တန်ဖရဲကျေးရွာမှာ ဒီပွဲကို ဒေသခံတွေက ဦးစီးကျင်းပတာပါ။ မြစ်ဆုံဒေသခံတစ်ဦးက ခုလို ပြောပါတယ်။ “ပွဲရဲ့နာမည်ကတော့ ‘ဧရာဝတီမြစ် ကျေးဇူးပဲ့တင်သံ မိတ်ဆုံစားပွဲ’ ဆိုတဲ့ အစီအစဉ်လေးပါ။ ဒီ တန်ဖရဲမှာလုပ်တာ မြစ်ဆုံပေါ့။ ပွင့်လင်းရာသီလည်း ရောက်တဲ့အခါကျတော့ တစ်ရွာလုံးအနေနဲ့ အခုလို မြစ်ဆုံဆည်ကြီး ရပ်ဆိုင်းသွားအောင် အခန်းမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေရော၊ လူပုဂ္ဂိုလ်တွေရော၊ ပညာရှင်တွေရော လူအားလုံးပေါ့ဗျာ။ သူတို့အနေနဲ့ ကျေးဇူးတင်တဲ့ အခမ်းအနား လှုပ်ရှားပွဲလေးပါ။ ရွာသားတွေ လုပ်ကြတာပါ။ မြစ်ကြီးနားမြို့ ရပ်မိရပ်ဖတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေရယ်၊ ပြီးတော့ ဧရာဝတီချစ်သူများ လှုပ်ရှားမှုမှာ ပါခဲ့တဲ့ ဆရာကြီး ဦးအုန်းတို့၊ ကားတွန်းဆရာ အော်ပီကျယ်တို့ လာတက်ကြပါတယ်” စီမံကိန်း ရပ်တန့်သွားပြီးဖြစ်ပေမယ့် မြစ်ဆုံဒေသခံတချို့ဟာ မူလနေထိုင်ရာဒေသတွေမှာ ပြန်လည်နေထိုင်ခွင့် မရသေးကြောင်း၊ ပြန်လည်နေထိုင်လိုကြောင်း ပြောဆိုပါတယ်။ ဒီပွဲကို လူ ၁၅၀၀ လောက် တက်ရောက်ကြသလို ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့လည်း တက်ရာက်ကြပါတယ်။ ကိုမင်းကိုနိုင်က မြစ်ဆုံဧရာဝတီအရေးနဲ့ ပတ်သက်လို့ အခုလို ပြောပြခဲ့ပါတယ်။ “မိခင်ကျေးဇူးရှင် ဧရာဝတီ အသက်ကို ကယ်တဲ့ပွဲမှာ ကျွန်တော်တို့ဟာ သားတစ်ယောက်အနေနဲ့ မပါနိုင်ဘဲနဲ့ ကျန်တဲ့မိသားစုတွေရဲ့ ဘဝတွေကို ကျွန်တော်တို့ စောင့်ကြည့်ခဲ့ရတယ်။ ဒါပေမယ့် တတ်နိုင်သလောက် ထောင်ထဲမှာ ဧရာဝတီသီချင်းကို စပ်ခဲ့တယ်၊ အဲဒါတွေ ကျွန်တော် ပြန်ပြောပြပါတယ်။ ကချင်ဒေသမှာ ဖြစ်နေတယ်ဆိုပေမယ့် တစ်တိုင်းပြည်လုံးကပါ ဒီကိစ္စကို အတူတူလို့ ခံစားရတယ်။ ဆိုလိုတာကတော့ဗျာ ကချင်ဟာ မြန်မာပြည် မြောက်ပိုင်းဆိုတော့ ခေါင်းပေါ့။ ခေါင်းကိုထိလို့ရှိရင် အထဲမှာ နာတယ်လို့ ပြောတဲ့အခါကျတော့ ကချင်ဒေသက လူတွေက ဒီကိစ္စကို သူတို့ ခံစားကြရတဲ့အကြောင်း လာပြောကြတယ်။ ခေတ်အဆက်ဆက်က မရနိုင်ခဲ့တဲ့ ထာဝရငြိမ်းချမ်းရေးကို ကျွန်တော်တို့ ရအောင်ယူဖို့ အဓိဋ္ဌာန်ပြုကြတယ်။ အဲဒါကို ကချင်လူငယ်တွေရော၊ ကျန်တဲ့ တိုင်းရင်းသား လူငယ်တွေကရော၊ အားတက်သရော ဝိုင်းပြုကြပါတယ်။ ဒါ ကျွန်တော်တို့ ဒီခရီးမှာ လာခဲ့တဲ့ ကြီးမားတဲ့အောင်ပွဲလို့ပဲ ကျွန်တော်ထင်ပါတယ်” နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်က ညွှန်ကြားခဲ့ပေမယ့် မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ စတဲ့ စီမံကိန်း ၇ ခုလောက်ကို ဆက်လက် တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး အခုအခါမှာ ချီဗွေ ရေကာတာကို ဆက်လက် တည်ဆောက်နေဆဲ ဖြစ်ပါတယ်။