စစ်မှန်တဲ့ရွေးကောက်ပွဲ မြင်တွေ့လိုကြောင်း နယူးဇီလန်နဲ့ ဖိလစ်ပိုင် ပြောကြား

မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယုံကြည် ကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပ ပြီးစီးသွားတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နယူးဇီလန် ဝန်ကြီးချုပ် John Key က ဒီကနေ့ ပြောလိုက်ပါတယ်။

2010.10.30
hillary_clinton_john_key_asean_305z ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြုလုပ်သည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နှင့် နယူးဇီလန် ဝန်ကြီးချုပ် John Key ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့  ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ မနေ့ညက ပြုလုပ်တဲ့ ညစာစားပွဲမှာ နိုင်ငံအမည်အလိုက် နေရာချထားရာမှာ နယူးဇီလန် ဝန်ကြီးချုပ် John Key ဟာ စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဘေးချင်းကပ်ပြီး ထိုင်ခဲ့ရတာပါ။ Mr. John Key က ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကို မြန်မာဝန်ကြီးချုပ်က ရှင်းပြခဲ့တာတွေဟာ အမှန်တကယ် ဖြစ်ပျက်နေတာနဲ့ ကိုက်ညီမှုရှိတယ်လို့ မထင်ကြောင်း ပြောပါတယ်။

ဒါ့ပြင် နယူးဇီလန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ စစ်မှန်တဲ့ရွေးကောက်ပွဲတွေကို မြင်တွေ့လိုကြောင်းနဲ့ ဒီ့အတွက် မိမိတို့ ကူညီခွင့်ရမယ်ဆိုရင် ကူညီဖို့ အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာဝန်ကြီးချုပ်နဲ့ စကားပြောဖြစ်ခဲ့တဲ့ တခြား ခေါင်းဆောင်တွေ အားလုံး ရွေးကောက်ပွဲကိစ္စကိုပဲ တညီတညွတ်တည်း မေးမြန်းခဲ့ကြတယ်လို့ ယူဆရကြောင်းလည်း နယူးဇီလန် ဝန်ကြီးချုပ်က ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် အာစီယံရဲ့ ဂုဏ်သိက္ခာကိုသာမက အဖွဲ့ကြီးရဲ့ ရပ်တည်ချက်ကိုပါ ထိခိုက်လာနိုင်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က ဒီကနေ့ ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။