ပါတီများ အမတ်လောင်းရွေးချယ်တဲ့ လုပ်ငန်းစဉ် အစမပြုနိုင်သေး

ဝေမာထွန်း
2020.05.15

ကပ်ရောဂါကာလအတောအတွင်း ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက  ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ ပြင်ဆင်ရမယ့် အချိန်ဖြစ်နေပေမယ့် လတ်တလောမှာတော့ ပါတီ အတော်များများ ကိုယ်စားလှယ်လောင်းတွေ မရွေးချယ်နိုင်သေးပါဘူး။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့် နိုဝင်ဘာလထဲမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ချေ ရှိတယ်လို့ ပြောထားသလို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမကုန်ခင် ကျင်းပရမှာဖြစ်လို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ မကုန်ခင် အထွေထွေရွေးကောက်ပွဲ ရှိလာမယ်လို့ နိုင်ငံရေးပါတီတွေက တွက်ဆထားပါတယ်။

ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာ မရေရာသေးပေမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဒီကာလမှာ  ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ လုပ်ငန်းစဉ်တွေ စရတော့မှာပါ။ ပါတီပေါင်း ၉ဝ ကျော်ရှိတဲ့ အထဲမှာ ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ထားပြီးဖြစ်တဲ့ ပါတီတွေရှိသလို  ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး လုပ်ငန်းတွေကို မဆောင်ရွက်ရသေးတဲ့ ပါတီတွေလည်း ရှိနေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်နဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကော်မရှင်က မကြေညာသေးရင်လည်း ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေက မိမိတို့ ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းဖို့ ကြေညာချိန်မှာ အဆင်သင့် ဖြစ်အောင် မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေကို ပါတီတွင်း ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်မယ်လို့ ကော်မရှင်က ကြေညာပြီဆိုတော့မှ ဘယ်တော့မှာ မဲဆွယ်စည်းရုံးရေး ကာလပေးမယ်။ ဘယ်တော့မှာ ရွေးကောက်ပွဲကျင်းပမယ်၊ အဲဒီတော့မှ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို တင်သွင်းရမယ်။ ဘယ်မြို့နယ်က ဘယ်ကိုယ်စားလှယ်လောင်း၊ ပြည်ထောင်စုလား တိုင်းဒေသကြီးလား ဒီလိုတွေ ကျွန်တော်တို့က တင်ပြရမှာကိုး။ ဥပဒေနဲ့ အညီ မကြေညာမချင်းကတော့ ကိုယ်စားလှယ်လောင်း ဘယ်သူဆိုတာကိုတော့ ကျွန်တော်တို့က ပြောလို့မရဘူး။ တင်လို့လည်း မရသေး ဘူးပေါ့နော်။ သို့သော်လည်းပဲ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေကတော့ ကျွန်တော်တို့ လုပ်ထားပြီး ပါပြီ။ မြို့နယ် အလိုက်တော့။”

USDP က ကိုယ်စားလှယ်လောင်းတွေကို ဒေသခံတွေ လက်ခံသူ၊ ကိုယ်တိုင်က ကိုယ်စားလှယ် ဖြစ်ချင်တဲ့ဆန္ဒရှိသူ၊ ဥပဒေပြုရေးနဲ့ အစိုးရကို ထိန်းကြောင်းနိုင်ရေးအတွက် အရည်အချင်း ရှိသူတွေကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ ဇွန်လမှာ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို အပြီး ဆောင်ရွက်မယ်လို့ လျာထား ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကြောင့် မရွေးချယ်နိုင်သေးဘူးလို့ ပါတီရဲ့ ဗဟိုပြန်ကြား ရေးကော်မတီ၊ အဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

“ကိုဗစ်မဖြစ်ခင်တုန်းကတော့ ပြောကြတာက ဇွန်လမှာ အပြီးသတ်လျာထားမယ်လို့ ပြောထားတာ။ အခုတော့ ဒီကိုဗစ် -၁၉ ပြဿနာက ဖြစ်လာတော့လေ ရုံးတွေကောပိတ် ဆိုတော့လေ တို့ထင်တာတော့ ဒါကို မလုပ်နိုင်သေးဘူးလို့ ထင်တယ်။ ”


၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေကို ဗဟိုကသာ အဓိက ဆောင်ရွက်ခဲ့တဲ့အပေါ်  ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

၂၀၂၀ မှာ မြို့မိမြို့ဖတွေက ထောက်ခံသူတွေကို ရွေးချယ်မယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တချို့က ပြောထားဖူးပါတယ်။   ဘယ်လိုအပြောင်းအလဲတွေ ရှိလာမလဲ ဆိုတာကိုတော့ ပါတီက ထုတ်မပြောသေးပါဘူး။

မဲဆန္ဒနယ်များတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၈ ယောက်နဲ့ ပါဝင်မှု ဒုတိယ အများဆုံး ရထားသလို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ပါဝင်မှု နှစ်ရာခိုင်နှုန်းကျော် ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာလည်း ကိုယ်စားလှယ်လောင်းတွေ မရွေးချယ် ရသေးဘူးလို့ ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။

“အခုအချိန်အထိတော့ ဘာမှမစီစဉ်ရသေးဘူးခင်ဗျ။ ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက်မှာ လုပ်ပါမယ် ဆိုတာကို တရားဝင်ကြေညာချင်း မရှိဘဲနဲ့ ကျွန်တော်တို့ဘက်က စတင်ပြီး စီစဉ်ဖို့ဆိုတာလည်း အခက်အခဲ ဖြစ်တယ်လေ။ Lockdown ချထားတဲ့မြို့နယ်တွေနဲ့ ဟိုမသွားရ၊ ဒီမသွားရ ကန့်သတ်ချက်တွေနဲ့ ဆိုတော့ ကျွန်တော်တို့မှာ စလုပ်ဖို့ တော်တော်လေး ခက်ခဲပါတယ်ခင်ဗျ။”


SNLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပါတီဝင်ဖြစ်ဖို့၊ ပြည်သူက ကြိုက်နှစ်သက်သူ ဖြစ်ဖို့လိုပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကို လူငယ်နဲ့ အမျိုးသမီးတွေကို ထည့်သွင်းဖို့ မူချထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာဖို့သာ လိုအပ်ပြီး ကျင်းပဖြစ်မယ် ဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ ရွေးကောက်ပွဲ အောင်နိုင်ဖို့ အခက်အခဲမရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ်တွေက ပြောပါတယ်။

“ရခိုင်မှာ ရွေးကောက်ပွဲကတော့ တပ်ရဲ့ သဘောထားပါပဲ။ ကျွန်တော်တို့က ဘာမှပြင်ဆင်စရာ မလိုပါဘူး ခင်ဗျာ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ဝင်လိုက်ရုံပဲ။ ဖြစ်ရင်နိုင်ပြီးသား အဲဒါကို NLD က သိပြီးသား။ ကျွန်တော်တို့ မြို့မှာဆို NLD ဆိုင်းဘုတ်တောင် မရှိတော့ဘူး။”

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော ပြောသွားတာပါ။

ANP ပါတီက ကိုယ်စားလှယ် တချို့ ပြောကြားချက်အရ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုရင် ANP အနေနဲ့ လက်ရှိ ကိုယ်စားလှယ်တွေပဲ ပြန်လည် ယှဉ်ပြိုင်ကြဖို့ များတယ်လို့ ဆိုပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ANP ဟာ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၂ နေရာနဲ့ အများဆုံး ရွေးကောက်ခံခဲ့ရပြီး ပြည်ထောင်စု လွှတ်တော်မှာတော့ ကိုယ်စားလှယ် သုံးရာခိုင်နှုန်းကျော် ပါဝင်ခွင့် ရထားပါတယ်။

ပါတီ အသစ်ဖြစ်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာမှ ဦးစွာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် ပြည်သူ့ပါတီ ကလည်း လက်ရှိ ကပ်ရောဂါ အခြေအနေအရ ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ်နိုင်သေးဘူးလို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာ ကပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေအတွက် အခြေခံကျတဲ့ သတ်မှတ်ချက်မူတွေ ချမှတ်ထားတယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

“ကျွန်တော်တို့ အယူအဆကတော့ ဒီမြို့နယ်ကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းက ဒီမြို့နယ် က လက်ခံတဲ့သူ ဖြစ်ရမယ်။ နောက်တစ်ခုကတော့ အဲဒီကိုယ်စားလှယ်ရဲ့ ဖြတ်သန်းမှုနဲ့ သူရဲ့ အရည်အချင်းပေါ့။ သူရဲ့ ဂုဏ်သတင်း၊ သူရဲ့ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်း အဲဒါတွေကတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ အတွက် အခြေခံကျတဲ့ မူတွေဖြစ်ပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး ကိုယ်စားလှယ်လောင်းအမည် စာရင်းကိုဇူလိုင် ၂ဝ မှာ စပြီး တင်သွင်းခွင့်ရခဲ့ကြပါတယ်။

ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေကို ပါတီတွေက နှစ်နဲ့ချီ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ရွေးကောက်ပွဲ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က သူ့အမြင် ပြောပါတယ်။

“ဒါကတော့ အမြဲတမ်းလုပ်နေရမယ့် ကိစ္စပါပဲ။ ပါတီတွေအတွက်ကတော့ ဒါမျိုးတွေက နှစ်နဲ့ ချီပြီးတော့ တောင်မှ ကြိုပြီးလုပ်ထားရမယ့် ကိစ္စ။ ဒါပေမဲ့ အရေးကြီးတဲ့ ကိစ္စကတော့ ပါတီနဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ စပြီး စကားပြောဖို့ ကောင်းပြီ။ ပိုအရေးကြီးတာက ကျွန်တော့် အနေနဲ့ မြင်တာက သူတို့မဲဆွယ်စည်းရုံးရေးကို ဘယ်လို လုပ်လို့ရမလဲပေါ့။ ပါတီတိုင်းကနေပြီးတော့မှ။”

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ်အရ လူကိုမကြည့်ဘဲ မူကိုကြည့်ပြီး မဲပေးပါဆိုတာကြောင့် လက်ရှိမှာတော့ လူထုဟာ ကိုယ့်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဘယ်သူဆိုတာ မသိတဲ့ အခြေအနေတွေ အများအပြား ရှိနေပါတယ်။

မိမိမြို့နယ်က ကိုယ်စားလှယ်ကို ဒေသခံပြည်သူအများစု မသိတာဟာ ကိုယ်စားလှယ်ရဲ့ တာဝန်ကျေပွန်မှု အပေါ်မှာ မေးခွန်းထုတ်စရာဖြစ်နေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်တွင်းမှာ အရည်အသွေး ပြည့်မှီတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ရေးဟာလည်း အဓိက ကျနေကြောင်း တင်ပြလိုက်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။