ကျောင်းသားတွေ လွှတ်ပေးရေး ရမည်းသင်းမှာ ဆန္ဒပြတောင်းဆို


2015.05.05
letpadan-students-305.jpg သာယာဝတီထောင်မှာ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ကူညီသူတွေကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဧပြီလ ၂၃ ရက်နေ့က ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြပွဲ အကြမ်းဖက်ခံရ မှု နှစ်လပြည့်အထိမ်းအမှတ်နဲ့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်း သားကျောင်းသူတွေကို လွှတ်ပေးဖို့ မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့မှာ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ တဲ့ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့အတွက် သူတို့လွတ်မြောက်ဖို့ အခုလိုတောင်းဆိုတာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ဝင် ဦးချိန်မော်က ပြောပါတယ်။

"ဒီကျောင်းသားလေးတွေ တောင်းဆိုတာ မှန်တယ်လို့ ဦးတို့ကယုံကြည်တယ်၊ အစိုးရဘက်လုပ်ဆောင်တဲ့ အကြမ်းဖက်မှုတွေက မသင့်လျော်ဘူးလို့ ဦးတို့ကယူဆတယ်၊ ကျောင်းသားလေးတွေနဲ့ ဝန်းရံပြည်သူတွေကို ပြန်လွှတ်ပေးဖို့အတွက် ဒီနေ့လုပ်တာပါ "

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့ ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ လက်ပတ်နီဝတ်အရပ်သားတွေက ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိသာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၇၀ နီးပါးရှိနေပြီး သူတို့အထဲက အမှန်တကယ် ကျောင်းတက်နေသူတွေကို အာမခံပေးဖို့အတွက် သက်ဆိုင်ရာရှေ့နေတွေက ကြိုးစားနေဆဲဖြစ်သလို အရင်က လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ရာကနေ သာယာဝတီတရားရုံး ကို ပြောင်းရွှေ့ရုံးထုတ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။