တပ်မတော်နဲ့ AA မြို့နယ် ၅ ခုမှာ တိုက်ပွဲဖြစ်


2018.12.27
aa-622.jpg ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးဌာန

တပ်မတော်က စစ်တိုင်း ၅ ခုမှာ စစ်ဆင်ရေးနဲ့ အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ဒီဇင်ဘာလ ၂၂ ရက်နေ့က စပြီး ဒီနေ့အထိ ရခိုင်ပြည်နယ်က ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ် ၅ ခုမှာ AA ရခိုင်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

မနေ့က ပလက်ဝမြို့နယ်က ပကာဝရွာနဲ့ မြိတ်ဝ အနီးပတ်ဝန်းကျင်ကို တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို ရသေ့တောင်မြို့နယ်အတွင်းက ခရုချောင်းရွာနဲ့ သြရမ တောင်တန်းပေါ်မှာလည်း နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်ရှိနေပြီး နေရာအတိအကျ မသိရသေးဘူးလို့ ခိုင်သုခက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရသေ့တောင်မြို့နယ်အတွင်းက သြရမတောင်တန်းပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်သလို ပုဏ္ဏားကျွန်းမြို့နယ် ပညာဝရွာနဲ့ မောင်နှမရွာ နားကိုလည်း ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်မှုတွေရှိတယ်လို့ AA ဘက်က ပြောပါတယ်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ တပ်မတော်အနေနဲ့ ရဟတ်ယာဉ်သုံး တိုက်ခိုက်တာ မရှိကြောင်းနဲ့ အဲဒီဒေသမှာ ရဟတ်ယာဉ်သုံးစွဲတာဟာ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက်သာ သုံးစွဲတာရှိကြောင်း အခုလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂၀၀၀ ခန့်ရှိနေပြီလို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။