AA အဖွဲ့နဲ့ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်အရာရှိတဦး ကျဆုံး


2019.05.22
platwa-622.jpg ပလက်ဝမြို့ အဝင်ဝကို တွေ့ရစဉ်
Photo: RFA

မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ရဲ့ ပြီးခဲ့တဲ့သောကြာနေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲမှာ မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်း ၂၁၂ က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတယောက် ကျဆုံးပြီး၊ အခြားအဆင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့ AA အဖွဲ့ဘက်ကပြောပါတယ်။

အဲဒီနေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက .....

“ ၁၇ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်မှာ ပလက်ဝမြို့ရဲ့အနောက်ဖက် ၅ ဒသမ ၂ ကီလိုမီတာအကွာ ခဝဲကားလမ်းပေါ်မှာ ဗမာစစ်တပ်ရဲ့ တပ်မ ၁၁ လောက်ခံ ခလရ ၂၁၂ စစ်ကြောင်းကို ရခိုင့်တပ်မတော် ကွန်မန်ဒိုတွေကဝင်တိုက်တာရှိတယ်၊ အဲဒီမှာ တစ်နာရီခွဲနီးပါးလောက်ကြာတဲ့ တိုက်ပွဲအတွင်းမှာ ဗမာစစ်တပ်ဘက်က ဗိုလ်ကြီးအောင်မျိုးမြင့်၊ ကိုယ်ပိုင်နံပါတ် ကြည်း (၅၉၈၉၅) နောက်ပြီးတပ်ကြပ်ကြီး နှစ်ယောက်ရယ်၊ အားလုံးဆိုရင် ၁ဝ ဦး ကျဆုံးတာပေါ့”

ကျဆုံးတဲ့အရာရှိဟာ ဗိုလ်ကြီးအောင်မျိုးမြင့်ဆိုသူဖြစ်ပြီး၊ မကြာသေးခင်ကမှ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်ကို တာဝန်နဲ့ ပြောင်းရွှေ့သွားတဲ့သူလို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ မြန်မာ့တပ်မတော်ရဲ့ စစ်လက်နက်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ AA အဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ....

“ ၁၇ ရက်နေ့မှာ ပလက်ဝမြို့အနောက်ဖက်မှာတော့ တိုက်ပွဲဖြစ်တာရှိတယ်။ ပလက်ဝရဲ့အနောက်ဖက် ၃ မိုင်အကွာလောက်မှာဖြစ်တာ၊ ကျနော်တို့ဘက်က အရာရှိတယောက် ကျဆုံးတာရှိတယ်။ ဒဏ်ရာရတာအနည်းငယ်ရှိတယ်။ ရန်သူ့ဘက်က အလောင်း သုံးလောင်း ရလိုက်တာရှိတယ်”

အဲဒီလို AA အဖွဲ့က အလောင်းသုံးလောင်းရလိုက်တယ် ဆိုတာကိုတော့ အဖွဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ငြင်းဆိုပါတယ်။

အခုဆိုရင် ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကစလို့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲပေါင်း အနည်းဆုံး ၁၇ဝ ကျော်နေပြီလို့ သိရသလို နှစ်ဖက်အကျအဆုံးတွေရှိပါတယ်။ ဒီခြောက်လအတွင်း စုစုပေါင်း ဘယ်လောက်ကျဆုံးလဲဆိုတာတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သူ့အနေနဲ့ စာရင်းပေါင်းချုပ် မသိရသေးဘူးလို့ ပြောပါတယ်။ AA ဘက်ကလဲ အကျအဆုံးတွေရှိပေမယ့် စုစုပေါင်းစာရင်း မပြောနိုင်သေးပါဘူး။

ဒီကြားထဲမှာ အရပ်သားသေဆုံးတာကတော့ အယောက် ၄ဝ ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။