ဆုထူးစံဝန်ထမ်း ၈ဦးကို AA ဖမ်းဆီးထားဆဲ
2019.04.09
AA က ဆုထူးစံကုမ္ပဏီဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ပြမြေပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး VK မှာဖော်ပြထားစဉ်
မတ်လ ၃၀ ရက်နေ့က ရခိုင့်တပ်မတော် AA ဖမ်းဆီးသွားခဲ့တဲ့ ဆုထူးစံကုမ္ပဏီ ဝန်ထမ်း ၈ ဦးကို နိုင်ငံတကာ ဥပဒေနဲ့အညီ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ AA အဖွဲ့က RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့လူ ၈ဦး အသတ်ခံရတယ်လို့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ သတင်းတွေ ကျယ်ကျယ်ပြန်ပြန့်ထွက်ပေါ်လာအပြီး AA က ပြောလိုက်တာဖြစ်ပါတယ်။
ရခိုင့်တပ်မတော် AA က အဲဒီဝန်ထမ်း ၈ ဦးကို ထောက်လှမ်းရေးဆိုပြီး စွပ်စွဲဖမ်းဆီးထားတာဖြစ်ပါတယ်။
ဒီလိုသတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလိုပြောပါတယ်။
“ကျနော်တို့တွေ့တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကသတင်းကလည်း အဲလိုပဲ။ သတင်းအရင်းမြစ်ကလည်း မသေချာတော့ လိုက်လံစစ်ဆေးဆဲလို့ပဲ ပြောလို့ရတယ်။ ကုလားစာနဲ့ဘာနဲ့ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်သလို ဘာလို့ပေါ့။ ဒါလည်းသေချာပြောလို့မရသေးဘူး။ သတင်းအရင်းမြစ်တွေက မသေချာသေးလို့ ကျနော်တို့က ဘာမှပြောလို့မရဘူးဖြစ်နေတယ်။ ”
ဖမ်းဆီးခံ ဆုထူးစံကုမ္ပဏီဝန်ထမ်း ၈ ဦးလုံးကို AA က သတ်လိုက်ပြီဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ရခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။
“အဲဒါတော့ လုံးဝမဟုတ်ဘူး။ ကျနော်တို့က ဥပဒေမဲ့ သတ်ဖြတ်မှုတွေတော့ ဘယ်တုန်းကမှ မလုပ်ဘူး။ အလကား ဒါကောလာဟလ သတင်းတွေ ထွက်နေတာ။ ကျနော်တို့က သူတို့ကို လူဂုဏ်သိက္ခာနဲ့အညီ ကောင်းကောင်း မွန်မွန် ထိန်းသိမ်းထားပြီးတော့ လုံခြုံရေးအရ လိုအပ်တဲ့စစ်ဆေးမှုတွေပဲ လုပ်နေတာ။ တရားဥပဒေမဲ့ သတ်ဖြတ် မှုမျိုး ကျနော်တို့ဘက်က လုံးဝမလုပ်ဘူး။”
သူတို့တွေဟာ စစ်ထောက်လှမ်းရေးဟောင်းတွေဖြစ်ပြီး ရခိုင့်တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို လာရောက်ထောက် လှမ်းတယ်လို့ AA ဘက်က ပြောပါတယ်။
ဒီလိုပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သက်သေအထောက်အထားတွေကို မေးမြန်းကြည့်ရာမှာ လုံခြုံရေးအရ မပြောနိုင်သေးဘူးလို့ ခိုင်သုခ က ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဖမ်းဆီးခံ ဆုထူးစံကုမ္ပဏီ ဝန်ထမ်းတွေဟာ စစ်ထောက်လှမ်းရေးဟောင်းတွေ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
“လုံးဝမဟုတ်ပါဘူး။ ကျနော်တို့လည်း ဒီလူတွေနဲ့ပတ်သက်ပြီး မေးမြန်းသင့်သလောက်၊ စုံစမ်းသင့်သလောက် စုံစမ်းပြီးပါပြီ။ သာမာန်ဝန်ထမ်းအရပ်သား၊ ကုမ္ပဏီဝန်ထမ်းတွေပါ။ အစိုးရဝန်ထမ်းတွေတောင် မဟုတ်ပါဘူး။”
ဖမ်းဆီးခံထားရသူတွေဟာ ဦးလှမျိုးအောင်၊ ဦးကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်းဟန်၊ ဦးထွန်းအောင်ကျော်နဲ့ ဦးဇော်မျိုးသူ ဆိုသူတွေဖြစ်တယ်လို့ တပ်မတော်က အခုလ ၂ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ကုလားတန် မြစ်စီမံကိန်းကို အကြောင်းပြပြီး ရက္ခိုင့်တပ်မတော်ကို ထောက်လှမ်းဖို့ ဝင်လာတဲ့သူတွေလို့ AA ဘက်က ပြောသလို အစိုးရတပ်မတော်ဘက်ကလည်း AA ရဲ့ ဆောင်ရွက်ချက်တွေဟာ အန္ဒိယ-မြန်မာနှစ်နိုင်ငံကြားဆောင်ရွက်နေတဲ့ ကုလားတန်စီမံကိန်းကို နှောင့်ယှက်နေတာသာဖြစ်တယ်လို့ ပြောထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။









