ရသေ့တောင်က တပ်မိသားစုဝင်သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း AA အတည်ပြု


2020.06.25

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး နယ်မြေခံ တပ်မတော်မိသားစုဝင် သုံးဦးကို အမည်မသိ လူတစ်စုက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံ သုံးဦးကို ရှာဖွေတဲ့ စစ်ကြောင်းကို AA က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ AA ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးထားတာ ဟုတ်မှန်ကြောင်း ဒီနေ့ RFA ကို အတည်ပြုပြောပါတယ်။ မိုင်းခွဲတိုက်ခိုက်အပြီး နောက်ဆက်တွဲ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့်  ရသေ့တောင် စစ်ဘေးဒုက္ခသည်စခန်းထဲ လက်နက်ကြီးကျရောက်ခဲ့ပြီး  အရပ်သားတစ်ဦး လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း RFA က စုံစမ်းသိရပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး တံတားနားမှာ မနေ့က ညနေ ၄ နာရီကျော်လောက်က တပ်မတော် စစ်ကြောင်းတစ်ခုကို အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်အပြီး နောက်ဆက်တွဲ အပြန်အလှန်ပစ်ခတ်မှုတွေကနေ အနီးအနားကျေးရွာ ရပ်ကွက်တွေထဲကိုပါကျရောက်ခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒဏ်ရာရှိသူ ဦးမောင်အေးညွန့်ရဲ့ ဘယ်ခြေဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဒီနေ့မနက်မှာ စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

ဒဏ်ရာရတဲ့ ဦးမောင်အေးညွန့်ဟာ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာကဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်လခန့်ကပင် ရသေ့တောင်မြို့ပေါ် ရွှေပါရမီကျောင်းတိုက် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူပါ။

သူဟာ ဆွံ့အနားမကြားသူဖြစ်ပြီး ပစ်ခတ်မှုဖြစ်စဉ် စခန်းထဲက တဲအိမ်ထဲမှာထိုင်နေစဉ် လက်နက်ကြီးကျည်ဟာ ခေါင်းမိုးကိုဖောက်ဝင်ပြီး ထိမှန်ခဲ့တလို့ ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဦးမောင်ထွန်းသာက RFA ကိုပြောပါတယ်။

“သူဟာမွေးရာပါ နားမကြား၊ မျက်စိမှုန်တာကြောင့် နည်းနည်းမှောင်ရင် လမ်းလျှောက်ဖို့ အဆင်မပြေတဲ့ ဒုက္ခသည်ပါ။ မနေ့ကဖြစ်စဉ်ဖြစ်တဲ့အခါ သူက အိမ်ထဲမှာပဲရှိနေတာ။ သူ့ရဲ့ယာယီတဲအိမ်ပေါ့။ စစ်ဘေး ဒုက္ခသည်စခန်းက ယာယီတဲအိမ်မှာနေတာ။ အိမ်ထဲမှာပဲနေတာ။ လက်နက်ကျည်က အိမ်ခေါင်မိုးကို ဖောက်ပြီးတော့ သူ့ကိုထိသွားတာ”

ဒီသတင်းနဲ့ပတ်သက်လို့ RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ မနေ့က နေ့လယ်ခင်းတိုက်ခိုက်မှုတွေကြောင်း အရပ်သား ထိခိုက်ဒဏ်ရာရတဲ့သတင်း မသိရှိရကြောင်း၊ ဒါပေမဲ့ AA အဖွဲ့က မိုင်းခွဲ တိုက်ခိုက်မှုကြောင့် တပ်မတော်သားတချို့တော့ ထိခိုက်ဒဏ်ရာရတာရှိကြောင်း အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ရသေ့တောင် နယ်မြေခံတပ်ရင်းတစ်ခုက တပ်မတော်မိသားစုဝင် အမျိုးသား သုံးဦး ဆိုင်ကယ်နဲ့ ကြိမ်သာရွာဘက် ကို သွားရောက်ရာမှာ ကြိမ်သာရွာမှာ AA အဖွဲ့နဲ့ အမာခံတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နယ်မြေခံ လုံခြုံရေး တပ်တွေက ကယ်ဆယ်ဖို့ရှာဖွေရာမှာ အဝေးထိန်း မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း၊ ဒီလို တိုက်ခိုက် ခံရတဲ့အတွက် တပ်မတော်သားတချို့ ဒဏ်ရာရခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ တပ်မတော်အနေနဲ့ ဒီသတင်းကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မနေ့က ရသေ့တောင်တိုက်ခိုက်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ မနေ့က ရသေ့တောင်မြို့နယ်မှာ မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း၊ မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်းကို AA က ပစ်ချခဲ့ကြောင်း အဲဒီလေယာဉ် ငယ်ကို လာရောက်ရှာဖွေတဲ့ ရသေ့တောင်အခြေစိုက် ခြေလျင်တပ်ရင်း ၅၃၆ က တပ်မိသားစုဝင် သုံးဦးကို AA က ထိန်းသိမ်းနေတာရှိကြောင်း  ခိုင်သုခက ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ တပ်မှာ အမှုထမ်းနေတဲ့ ရခိုင်မိသားစုဝင်တွေကို အသုံးချပြီး စစ်တပ်အတွက် ကင်းထောက်လုပ်ငန်းတွေ၊ သတင်းစုံစမ်းတာတွေ၊ ဒေသခံ မွတ်ဆလင်တွေနဲ့ ရခိုင်တွေအကြား ပြဿနာဖြစ်ပွားအောင် ဖန်တီးနေတာတွေရှိကြောင်းလည်း ခိုင်သုခက ပြောကြားပါတယ်။ ဖမ်းဆီးထားသူ သုံးဦးနဲ့ပတ်သက်လို့ နောက်ဆက်တွဲ သတင်းထုတ်ပြန်သွားမယ်လို့လည်း သူက ပြောပါတယ်။

မနေ့ကဖြစ်စဉ်အတွင်း ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေဟာ အနီးအနား ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကိုပါ ကျရောက်ခဲ့တယ်လို့ ဒဏ်ရာရသူကို အကူအညီပေးနေတဲ့ ရသေ့တောင်မြို့ခံ ကိုဘက္ကာက RFA ကိုပြောပါတယ်။

“ရသေ့တောင်မြို့ပေါ်  တပ်ရင်းတစ်ရင်းက ပြားချောင်းကြီးရွာဘက်ကို စစ်ကြောင်းထွက်လာတယ်။ စစ်ကြောင်းထွက်လာတော့ ရသေ့တောင်တံတား တချို့က ပြားချောင်းကြီးတံတားလို့ခေါ်တာပေါ့ အဲဒီတံတားနားမရောက်ခင် မြို့အဝင်ဆိုင်းဘုတ်နားမှာ သူတို့နှစ်ဖက််ထိတွေ့မှုဖြစ်ကြတယ်။ ပထမတော့ မိုင်းဆွဲတာလား ဘာလားတော့ မသိ အသံအကျယ်ကြီးတစ်ခု ကြားလိုက်ရတယ်။ အဲဒီအချိန်မှာ လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ဒလဟောပစ်တာ။ ဘေးပတ်ဝန်းကျင်တွေအားလုံးကို ပစ်တယ်။ ကျည်တွေက ကျွန်တော်တို့ မြို့ဘက်ကိုလည်း အများကြီးလာတယ်”

မနေ့က ဖြစ်စဉ်ဟာ အချိန် ဆယ်မိနစ်လောက်သာ ကြာမြင့်ပေမယ့် ပစ်ခတ်မှုတွေက ကျရောက်တဲ့ ကျည်တွေ ကြောင့် ရွှေပါရမီ၊ ဓညဝတီ၊ ပြည်လုံးချမ်းသာ၊ ပညာပါရမီ စတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ မြို့အတွင်းပိုင်းနေရာတွေဆီကို ထွက်ပြေးခဲ့ကြရတယ်လို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေကပြောပါတယ်။

အလားတူ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ထွန်းရဝေ၊ ပြားချောင်းကြီး၊ အလယ်ရွာ၊ ပြင်ခေါင် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတယ်လို့ဆိုပါတယ်။

ရသေ့တောင်မြို့ခံ ကိုဘက္ကာကတော့ နှစ်ဖက််လက်နက်ကိုင်တွေအနဲ့ တိုက်ခိုက်မှုတွေကို လူနေရပ်ကွက်၊ ကျေးရွာတွေအနီးအနားမှာ ရှောင်ရှားကြစေချင်တယ်လို့ပြောပါတယ်။

“ပြောချင်တာကတော့လေ နှစ်ဖက်စလုံးကိုပေါ့နော် အခုလိုမြို့နဲ့နီးတဲ့နေရာမျိုးပေါ့။ ကျွန်တော်တို့ ရသေ့တောင်မြို့က တခြားမြို့နယ်တွေနဲ့မတူတာက လမ်းပန်းဆက်သွယ်ရေးကလည်းခက်တယ်။ မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၁၈ ခုလောက်ရှိတယ်။ စစ်ဘေးဒုက္ခသည်တွေကလည်း တော်တော်များတယ်။ တော်တော် ဒုက္ခရောက်နေတဲ့မြို့ဆိုတော့ အဲဒီလိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်။ နောင်အခါ ထိန်းထိန်း သိမ်းသိမ်းလုပ်ကြပါလို့ပဲ ပြောချင်ပါတယ်”


ရသေ့တောင်မြို့မှာ ဒီနေ့နေ့လယ်ကလည်း ပစ်ခတ်မှုတွေရှိပြီး မြို့ပေါ်က နေအိမ်အချို့ လက်နက်ဒဏ်တွေ ကြောင့် ပျက်စီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး အခုရက်ပိုင်းတွေအတွင်း ရသေ့တောင်မြို့နယ်မှာ တိုက်ခိုက်မှုတွေများလာတာကို တွေ့ရပါတယ်။

အခုလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာနဲ့အတူ အရပ်သားတွေ သေကြေထိခိုက်မှုကလည်း တနေ့တခြားပိုများလာနေပါတယ်။

RFA က ကောက်ယူရရှိထားတဲ့အချက်အလက်အရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ မနေ့က ဇွန်လ ၂၄ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၆၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၇၁ ဦးအထိရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။