AA က ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လွတ်မြောက်ရေး အစိုးရကူညီဖို့ မိသားစုတောင်းဆို


2020.08.17

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်တော်ကနေ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတာ အချိန်ကြာလာနေတာနဲ့အမျှ သူတို့ကို မှီခိုနေကြတဲ့ မိသားစုဝင်တွေ အခက်အခဲ ကြုံနေရသလို စိုးရိမ်စိတ်တွေလည်း ကြီးထွားလာနေပါတယ်။ ဒီရဲတပ်ဖွဲ့ဝင်တွေ လွတ်မြောက်ရေးနဲ့ ကျန်နေတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးကို အစိုးရက ကူညီပေးဖို့ မနေ့က မန္တလေးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုခဲ့ကြတာပါ။ ၏

ရဲတပ်ဖွဲ့ဝင်တွေကို AA က ဖမ်းဆီးသွားတဲ့ အချိန်ကစပြီး လစာခံစားခွင့် မရှိတော့တဲ့အတွက် မိသားစုဝင်တွေ စားဝတ်နေရေး အခက်အခဲဖြစ်နေတာလို့ ဖမ်းဆီးခံထားရတဲ့ ရဲတပ်သား ဝင်းမိုးသန်းရဲ့ မိခင် ဒေါ်တင်တင်နွဲ့က ပြောပါ တယ်။

“အခုအချိန်ထိ ဘာသတင်းမှမရဘူး။ သားလေးရှိချိန်တုန်းက သားလေးရဲ့ ထောက်ပံ့မှုနဲ့ စားသုံးနေရတာ။ အခုဆိုရင် အခက်အခဲဖြစ်တာပေါ့။ ဒါကြောင့် နိုင်ငံတော်လူကြီးတွေ ကြည့်ရှုစေချင်တယ်။”

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစု၊ သဇင်မြိုင်ကနေ စေတီပြင်ကို လစာသွားထုတ်ချိန် ဖမ်းဆီးခံခဲ့ရတဲ့ မိသားစု၊ ရခိုင်ပြည်နယ်ကို တာဝန်ထမ်းဆောင်ဖို့ ရွှေနဒီရေယာဉ်နဲ့ လိုက်ပါလာစဉ် ဖမ်းဆီခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုစုစုပေါင်း မိသားစု ၁၁ စုကနေ သူတို့ကြုံနေရတဲ့ ဒုက္ခတွေကို သြဂုတ်လ ၁၆ ရက် တနင်္ဂနွေနေ့က မန္တလေးမြို့ မီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ကြတာပါ။

မေလ ၂၉ ရက်နေ့က သဇင်မြိုင် ရဲကင်းစခန်း ဝင်တိုက်ခံရချိန် ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်သား အောင်ထွန်းသူရဲ့ ဇနီး ဒေါ်ပြည့်ပြည့်ငြိမ်းကလည်း တာဝန်ရှိသူတွေရဲ့ အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

“အိမ်ထောင်ဦးစီးဆိုတော့ သူ့ကို မှီခိုနေရတော့ အမြန်ဆုံး ပြန်လွတ်စေချင်တယ်။ စားဝတ်နေရေးကလည်း တစ်ဒုက္ခဆိုတော့ ဖြစ်နေတဲ့ မိသားစုဝင်တွေကို ပစ်မထားဖို့၊ သတင်းတွေကိုလည်း တိတိကျကျ ထုတ်ပေးစေချင်တယ်။ အကောင်းမွန်ဆုံး ပြန်လည်ရောက်ရှိလာဖို့ တောင်းဆိုချင်တယ်။”

သဇင်မြိုင်ရဲကင်းစခန်းကို ဝင်တိုက်ချိန် ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး နှစ်ယောက်နဲ့ ကလေး တစ်ယောက်ကိုတော့ AA က နောက်နေ့မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွတ်လာသူထဲက တစ်ဦးဖြစ်တဲ့ မရွှေစင် ကလည်း သတင်းစာရှင်းလင်းပွဲအတွင်း  AA လက်ထဲမှာ အဖမ်းခံထားရဆဲ သူ့အမျိုးသားရဲ့ အခြေအနေကို အခုထိ ဘာမှမသိရတဲ့အတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

“အိမ်ကနေ ကောင်းကောင်းမွန်မွန် စောင့်နေ၊ တာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်းပြီးတော့ နင်တို့ယောကျာ်းတွေကို ပြန်လွှတ်ပေးမယ်လို့ ပြောလိုက်တယ်။ အခုချိန်ထိ သတင်းကြားရခြင်း မရှိသေးဘူး။”

အစိုးရနဲ့ တာဝန်ရှိသူတွေအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လွတ်မြောက်ရေး အစွမ်းကုန် ကူညီပေးဖို့ကိုလည်း မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ကြတာပါ။

ဒုရဲအုပ် ဇော်သူရဲ့ ဇနီး ဒေါ်သဲအိဇာ ကတော့

“တရားဝင် လစာမရဘူး။ ဖမ်းခံရသူတွေ သက်ရှိထင်ရှားရှိလားဆိုတာတွေ သိချင်တယ်။ ရဲအုပ်တွေလည်း များတယ်။ ဒုရဲအုပ်တွေလည်း ပါတယ်။ မိသားစုတွေ မျှော်လင့်နေတယ်။ အသက်မသေဘူးဆိုတာလေး သိရရင် ကျေနပ်ပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို သမ္မတ အိမ်တော် သတင်းထောက်တွေ ဂရုမှာ RFA က မေးမြန်းထားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်း လေးခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ရသလို မတ်လကလည်း ပုဏ္ဏားကျွန်းမြို့ နယ် ယိုးတရုပ်ရဲကင်းစခန်း၊ ဧပြီလ ၁၀ ရက်နေ့မှာလည်း မြောက်ဦး ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင်လ ၁၆ ရက်နေ့ မှာလည်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစခန်းကို တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သလို၊ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တချို့ ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ - နေရာပေါင်းစုံကနေ AA က ဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန် ထားရှိကြောင်းနဲ့ AA ရဲ့ တောင်းဆိုချက် တွေကို တပ်မတော်ဘက်က လိုက်လျောမှပဲ ဒီစစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးနိုင်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ AA တောင်းဆိုထားတာကတော့ - သံသယနဲ့ ဖမ်းဆီးထားတဲ့ ရခိုင်အရပ်သားတွေကို ပြန်လွှတ်ပေးဖို့၊ အပြစ်မဲ့ အရပ်သားတွေကို ပုဒ်မမျိုးစုံနဲ့ တရားစွဲပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းအရေအတွက်ကိုတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စမို့ ထုတ်ပြောဖို့မရှိဘူးလို့လည်း ခိုင်သုခက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။