ရသေ့တောင်မှာ သဇင်မြိုင် နယ်ခြားစောင့်စခန်းကို အေအေ တိုက်ခိုက်


2020.05.29

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သဇင်မြိုင် နယ်ခြားစောင့်ရဲစခန်းကို အေအေအဖွဲ့က ဒီနေ့မနက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ကလေး တစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်အုပ်စု သဇင်မြိုင်ကျေးရွာမှာ အခြေပြုထားတဲ့ နယ်ခြားစောင့် ရဲစခန်းကို ဒီနေ့မနက် ၂ နာရီလောက်က ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်တိုက်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ကလေး တစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော် ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သဇင်မြိုင် ကျေးရွာသားတစ်ဦးက ဒီနေ့မနက်က ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်တွေ အကျအဆုံးရှိပေမယ့် အရေအတွက်ကို မသိရသေးသလို ရဲတပ်ဖွဲ့ဝင် ကိုးဦးကို အေအေက ဖမ်းဆီးသွားတာကို မြင်လိုက်ရတယ်လို့ RFA ကို ပြောပါတယ်။

“ရွာမှာ ညတိုက်ပွဲဖြစ်တာမှာ အစိုးရဘက်က အကျအဆုံးတော့များတယ်။ လက်ရ ဖမ်းဆီးသွားတာလည်း ရှိတယ်။ ဖမ်းဆီးသွားတာက ကိုးဦးပါ။ ကျဆုံးတဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူး။ ကျွန်တော်က အခု အဲဒီစခန်းနားကနေ ပြောနေတာ။ စခန်းအတွင်းထဲမှာ သေဆုံးတာတွေကိုတော့ အတိအကျ မသိရသေးဘူး။ ဒီမှာကျန်လိုက်တာက ရဲတပ်ဖွဲ့ဝင် ၁၀ လောက်ရှိပါတယ်။ သူတို့ကတော့ အောက်ကိုလည်း မဆင်းဘူး။ တောင်ပေါ်မှာပဲ နေနေကြတယ်။ စားရေးသောက်ရေးအတွက် ကျွန်တော်တို့ကို ဖုန်းနဲ့ အကူအညီ တောင်းထားကြတယ်။ ကျွန်တော်တို့ကလည်း ကူညီပေးမယ်လို့ပြောထားပါတယ်"

ဒီနယ်ခြားစောင့် ရဲကင်းစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်လောက်ရှိပြီး လက်ရှိ ကျန်လိုက်တာက ၁၀ ဦးလောက် နဲ့ အေအေက ဖမ်းသွားတာ ၉ ဦးကို တွက်ချက်ကြည့်လို့ ကျဆုံးတဲ့အရေအတွက် ၁၀ ဝန်းကျင်လောက် ရှိနိုင်တယ် လို့ ခန့်မှန်းကြောင်း စခန်းအနီးကို ရောက်နေတဲ့ အဲဒီကျေးရွာသားကပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီစခန်းမှာ ရဲအင်အား အနည်းငယ်သာရှိပြီး ကျဆုံးသူတွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူ အရေအတွက်ကိုတော့ စီစစ်နေဆဲဖြစ်ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့နောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းနေကြောင်းပြောပါတယ်။

နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဒီနေ့မနက်က ဖြစ်စဉ်မှာ အေအေအဖွဲ့ဟာ ရဲကင်းစခန်းထဲက အဆောင်နှစ်ခုကိုပါ မီးရှို့သွားတယ်လို့ပြောပါတယ်။

“မနက် ၂ နာရီလောက်မှာ လက်နက်ကြီးပေါက်သံ စကြားရတယ်။ နောက်ဆက်တိုက်ဆိုသလိုပဲ လက်နက်ငယ်တွေနဲ့ နာရီဝက်ကျော် မိနစ်လေးဆယ်လောက် ပစ်ကြတယ်။ နောက်ပြီး ကြိုကြား ကြိုကြား ဆက်ပစ်ကြတယ်။ မနက် ၃ နာရီလောက်မှာမှ ပစ်တာတွေရပ်သွားတယ်။ စခန်းအဆောင်နှစ်ခုကိုလည်း မီးရှို့သွားတယ်။ အောက်မှာ ထမင်းချက်၊ မိသားစုတွေနေတဲ့အဆောင်နဲ့ တောင်ကုန်းပေါ်က စခန်း အဲဒီနှစ်ခုကို မီးရှို့သွားကြတာ”

တပ်မတော်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ သဇင်မြိုင် ရဲကင်းစခန်း ပင်မစခန်းနေရာကို အေအေအဖွဲ့ ၁၀၀ လောက်က စခန်းရဲ့အနောက်မြောက်ဘက်က နေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေကိုအသုံးပြုပြီး အင်အားအလုံး အရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပါရှိပါတယ်။

အေအေအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပီ၊ ကျောင်းတောင် နယ်ခြားစောင့်ရဲစခန်း လေးခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

၂၀၁၉ မတ်လ ၉ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ရဲစခန်း၊ ဧပြီလ ၁၀ ရက်နေ့မှာ မြောက်ဦး ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင် ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း စတဲ့စခန်းတွေကို တိုက်ခိုက်ခဲ့ရာ မှာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သလို ရဲတပ်ဖွဲ့ဝင်အချို့နဲ့ မိသားစုဝင်အချို့ ဖမ်းဆီးခံခဲ့ရတယ် လို့ တပ်မတော်ရဲ့ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အေအေအဖွဲ့အနေနဲ့ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပဲလို့လည်း တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီနေ့မနက်က သဇင်မြိုင် ရဲစခန်းကို တိုက်ခိုက်တဲ့ကိစ္စအပါအဝင် တပ်မတော်ဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က မေးမြန်းခဲ့ရာမှာ ဒီစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်း၊ ဒီစခန်းဟာ နယ်ခြားစောင့် ရဲစခန်းအမည်ခံထားပြီး တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကို ထောက်ပံ့ပေးနေတဲ့ ကြားခံစခန်းဖြစ်နေတဲ့ အတွက်ဖြစ်ကြောင်း RFA ကို ဖြေကြားပါတယ်။ ဒ့ါအပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ စစ်တပ်ရဲ့ လက်အောက်ခံဖြစ်လို့ တခြားနိုင်ငံတွေလို အရပ်ဘက်အဖွဲ့အစည်းလို့ သတ်မှတ်လို့မရကြောင်း၊ ရဲစခန်းကနေ ရော့ကက်လောင်ချာတစ်ခုအပါအဝင် လက်နက် ၁၄ ခု သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးထားသူတွေရှိပြီး စစ်ဘက်နဲ့ မသက်ဆိုင်သူတွေကို စိစစ်ပြီး ချက်ချင်း ပြန်လွှတ်ပေးမှာဖြစ်ကြောင်း၊ ကျဆုံး၊ အသေအပျောက်စာရင်းကို ဒီညနေမှာ ထုတ်ပြန်ပေးမှာ ဖြစ်ကြောင်းလည်း ခိုင်သုခက ပြောပါတယ်။

ဒီနေ့မနက်က ဖြစ်စဉ်တွေကြောင့် သဇင်မြိုင်ကျေးရွာသားတွေအားလုံး စိုးရိမ်ပြီး စိန်တောင်၊ ကျောက်ရံ၊ စေတီပြင်၊ မော်ထက် စတဲ့ ဆွေမျိုးတွေရှိတဲ့ကျေးရွာတွေကို ထွက်ပြေးသွားကြပြီး ရွာမှာ အသက်ကြီးပိုင်း အရွယ် လူ ၆ ဦးခန့်လောက်ပဲ ရွာစောင့်အဖြစ် ကျန်ရစ်ခဲ့ကြတယ်လို့သိရပါတယ်။

သဇင်မြိုင်ကျေးရွာဟာ ၂၀၀၀ ခုနှစ်က အစိုးရကတည်ထောင်ထားတဲ့ အိမ်ခြေ ၄၀ ကျော်ရှိတဲ့ နတလကျေးရွာ ဖြစ်ပါတယ်။

ဒီနေ့မနက်က တိုက်ခိုက်ခံရတဲ့ နယ်ခြားစောင့်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အာဆာအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကိုကာကွယ်ဖို့ ချထားတဲ့စခန်း ဖြစ်တယ်လို့ တပ်မတော်ကပြောပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ စစ်ရေးပြင်းထန်နေဆဲ ဖြစ်သလို အရပ်သားထိခိုက်မှုကလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ မနေ့က ၂၀၂၀ မေလ ၂၈ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၅၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၅၅ ဦးရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။