စားနပ်ရိက္ခာပစ္စည်းတွေ သိမ်းဆည်းရမိတယ်ဆိုတဲ့ တပ်ထုတ်ပြန်ချက်ကို AA ငြင်းဆို


2019.04.16
aa-622.JPG စစ်ရေးလေ့ကျင့်နေတဲ့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ
Photo: Elizabeth/RFA

ရက္ခိုင့်တပ်မတော် AA စခန်းနဲ့ သင်တန်းကျောင်းတွေကို ဝင်ရောက်သိမ်းပိုက်ချိန်မှာ USAID အမှတ်တံဆိပ်ပါတဲ့ စားနပ်ရိက္ခာထုပ်တွေ၊ ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ WFP တံဆိပ်ပါတဲ့ ရိက္ခာထုပ်တွေ သိမ်းဆည်းရမိတဲ့အကြောင်း တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်ဟာ မှားယွင်းတဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA က ဧပြီ ၁၅ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့တွေရဲ့ အမှတ်တံဆိပ်တွေဖြစ်တဲ့ USAID၊ WFP အမှတ်တံဆိပ်စာတန်းပါတဲ့ ရိက္ခာထုပ်တွေကို သိမ်းဆည်းရမိကြောင်း တပ်မတော် ထုတ်ပြန်ခဲ့တဲ့အပေါ် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ AA ကို ထောက်ပံ့တဲ့ အခြေအနေမရှိကြောင်း ပြောပါတယ်။

ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ အရှေ့ဖက် တောတွင်းတစ်နေရာမှာ AA အဖွဲ့ သိုဝှက်ထားတဲ့ ဆန်ရိက္ခာတွေကို တပ်မတော် လုံခြုံရေးစစ်ကြောင်းက ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ရက္ခိုင့်တပ်မတော် AA ဖက်က ငြင်းဆိုနေပေမယ့် စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာတွေကို AA အဖွဲ့ထံ သွားပေးတာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။

တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ဘေးရှောင် ရခိုင်ပြည်သူတွေကို ထောက်ပံ့ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေက ဒုက္ခသည်တွေဆီမှာလည်း တပ်မတော် ထုတ်ပြန်သလို ရိက္ခာတွေ မရှိကြောင်း ငြင်းဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃သောင်းဝန်းကျင် ရှိနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။