သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေး ကျောင်းသားတွေဆွေးနွေး

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအတွက် မျိုးဆက် ၃ ဆက် ကျောင်းသားတွေ ဒီနေ့ ရန်ကုန်မြို့က M3 စားသောက်ဆိုင်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

2012.07.05

ဒီကိစ္စနဲ့ ပတ်သက်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်နီက RFA ကို ပြောပါတယ်။

"အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအဖွဲ့ ဆိုပြီးတော့ အမည်ပြောင်းတယ်။ အဲဒီလုပ်ငန်း အကောင်အထည် ဖော်မှုမှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း၊ လွှတ်တော်တွေနဲ့ ပါမောက္ခချုပ်တွေနဲ့လည်း လိုအပ်ရင် ညှိနှိုင်းဆက်သွယ်မှုတွေ လုပ်သွားမယ်။ နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်နဲ့ သက်ဆိုင်သူများအားလုံး၊ ကျောင်းသားသမိုင်းနဲ့ သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဖိတ်ခေါ်မယ်"

ဒီနေ့ အစည်းအဝေးကို ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုညိုထွန်း၊ ကိုဆန်နီ၊ ၇၄ မျိုးဆက်အဖြစ် ဒေါ်နေရည်ဗဆွေ၊ ဦးရာကျော်၊ ဦးအောင်ထိုက်နဲ့ ၂၀၀၇ မျိုးဆက်က ကိုစည်သူမောင်နဲ့ ကိုဒီငြိမ်းလင်းတို့ တက်ရောက်ကြပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် နာယကတွေထဲမှာ ကဗျာဆရာကြီး ဒဂုန်တာရာလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ လာမယ့် စနေနေ့မှာ ကျရောက်မယ့် ဇူလိုင် ၇ ရက် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တော်ဝင်နှင်းဆီ ခန်းမမှာ မကျင်းပနိုင်တော့တဲ့အတွက် ရန်ကုန်မြို့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကို ပြောပါတယ်။

အထက်ဗမာပြည် ကျောက်ဆည်ခရိုင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ဒီနေ့ မနက်မှာ ဇူလိုင် ၇ ရက် အထိမ်းအမှတ်အဖြစ် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဆွမ်းကြွေးပြီး အခမ်းအနား ပြုလုပ်ကြသလို၊ မုံရွာခရိုင် ကျောင်းသားသမဂ္ဂကတော့ ပြီးခဲ့တဲ့ ဇူလိုင် (၃) ရက်နေ့ မနက်က ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ အရုဏ်ဆွမ်းကပ်ပြီး ဇူလိုင် ၇ ရက် အရေးအခင်းမှာ သေဆုံးသွားသူတွေအတွက် ကုသိုလ်ဒါန ပြုခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။