ABSDF အဖွဲ့က ဦးမင်းဌေး ကို ရုံးထုတ်
2017.01.13
ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေး ကို ကချင်ပြည်နယ် မိုးမောက်မြို့နယ် ရဲစခန်းမှာ တွေ့ရစဉ်
ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေး ကို ဒီကနေ့ မိုးမောက်မြို့နယ် တရားရုံးမှာ ပထမဆုံး အကြိမ်အဖြစ် ရုံးထုတ်ခဲ့ပါတယ်။
ဦးမင်းဌေးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားလိုအဖြစ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ က ဗိုလ်ကြီးသက်ဆွေလင်း က တရားစွဲထားတာဖြစ်တယ်လို့ ABSDF ဗဟိုရဲ့ အတွင်းရေးမှူး ၁ ဦးမြင့်ဦး က ပြော ပါတယ်။
''သူ့ကို ဒီနေ့ စရုံးထုတ်တာပေါ့၊ တရားရုံးကတော့ မိုးမောက်မြို့နယ်တရားရုံး၊ တပ်ထားတဲ့ပုဒ်မကတော့ ၁၇ (၁) နဲ့ တရားရုံးမှာ တရားစွဲလိုက်တာပေါ့၊ တရားရုံးကို အမှုတင်တာပေါ့၊ တရားလိုကတော့ စကခ ၂၁ က ဗိုလ်ကြီးသက်ဆွေလင်းပါ၊ စကခ ဆိုတာက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ပါ၊ တရားရုံးထုတ်တာ သူ့ကိုစစ်ဆေးမှု ဘာမှမရှိပါဘူး၊ ရဲလုပ်ပိုင်ခွင့်တွေပြီးဆုံးလို့ တရားရုံးလုပ်ဆောင်ခွင့်ကို လွှပြောင်းတဲ့ အဆင့်လောက်ပါပဲ''
ABSDF အဖွဲ့ဟာ အစိုးရနဲ့ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။
ဦးမင်းဌေးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဗန်းမော် - လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဦးမင်းဌေးကို နောက်ထပ်ရုံးချိန်းအဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကို ပြန်ချိန်းထားတယ်လို့လည်း ပြောပါတယ်။









