မြောက်ပိုင်း ABSDF က လူသတ်မှုများ

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ လွန်ခဲ့တဲ့နှစ် ၂၀ က ဖြစ်ရပ်ဟာ အခုတလော တကျော့ပြန်ကာ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလတုန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ ကျောင်းသား ရဲဘော်အနည်းဆုံး (၁၅) ဦးကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ညှဉ်းပန်းသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ သူလျှိုအဖြစ် အစွပ်စွဲခံရပြီး ကျောင်းသား တပ်မတော်အချုပ်ထဲ အကျဉ်းချခံခဲ့ရသူ ပန်းချီထိန်လင်း (လက်ရှိ လန်ဒန်) က မြောက်ပိုင်းခေါင်းဆောင်တွေ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း၊ ဒီဖြစ်ရပ်ဟာ အုပ်စုနှစ်စုကြား အာဏာလုရာက ပေါ်ပေါက်လာခဲ့တာ ဖြစ်ကြောင်း၊ နောက်ဆုံးမှာ အခြားသူတွေနဲ့အတူ သူကိုယ်တိုင် အချုပ်ကနေ တရုတ်နယ်စပ်ဖက်ကို ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း RFA ကို ထုတ်ဖေါ်ပြောဆိုပါတယ်။ ကျောင်းသား တပ်မတော်မြောက်ပိုင်းမှာ အဲဒီအချိန်က ခေါင်းဆောင်ဖြစ်တဲ့ ABSDF ဗဟိုကော်မတီဝင်ဟောင်း ကိုအောင်နိုင်ကတော့ အဲဒီအချိန်က အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အတိုင်း တာဝန်အရ လုပ်ကိုင်ခဲ့ရတာဖြစ်ပြီး၊ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး အတွက် ABSDFအဖွဲ့က စုံစမ်းစစ်ဆေးရာမှာ သူ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00