ရန်ကုန်တိုင်းဥပဒေချုပ် အပါအဝင် ၆ ဦးကို ဒီနေ့ ပထမဦးဆုံးအကြိမ် ရုံးထုတ်


2018.09.25
hanhtoo-622 ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး ကို တွေ့ရစဉ်
Photo: Yangon Region Government - facebook

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ လာဘ်စားခဲ့တယ်လို့ စစ်ဆေးတွေရှိခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျတ်ရေးကော်မရှင်က တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ ပထမဦးဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

လာမယ့် အောက်တိုဘာလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ အမှုကို စတင်စစ်ဆေးတော့မှာ ဖြစ်တယ်လို့ ဒီနေ့ တရားခွင်ကို သွားရောက်လေ့လာခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကပြောပါတယ်။

“ဟန်ထူးနဲ့ အပေါင်းအပါ ၆ ယောက်လုံးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီး ဒေါ်စိုးစိုးအောင်ရဲ့ ခုံမှာ ဒီနေ့ အမှုစွဲတင်လိုက်တယ်။ ဟန်ထူးကိုတော့ ၅၅ အရ ကျန်တာတွေကိုတော့ ၅၆ အရ အမှုစွဲတင်လိုက်တယ်။ ဒီနေ့ စအမှုတင်တဲ့ရက်ဖြစ်တဲ့အတွက် လာမယ့် အောက်တိုဘာလ ၄ ရက်နေ့ နဲ့ ၅ ရက်နေ့တွေမှာ အမှုခွဲပြီး နေလည် ၁ နာရီကနေ ၃ နာရီအထိ ဆက်တိုက်စစ်တော့မယ်။”

ဒီနေ့ တရားစွဲခံရသူတွေကို ရုံးထုတ်လာစဉ်မှာ လက်ထိပ်မခတ်ဘဲ ခေါ်လာခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဝေဖန်မှုတွေကြောင့် တရားရုံးကနေ အင်းစိန်အကျဉ်းထောင်ကိုအပြန် အချုပ်ကားပေါ်တင်တဲ့အခါမှာတော့ ရဲတပ်ဖွဲ့က တရားစွဲခံရသူတွေကို လက်ထိပ်ခတ် ခေါ်ဆောင်သွားခဲ့တယ်လို့ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးကို အဂတိလိုက်စားမှု တိုက်ဖျတ်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုပြီး အဲဒီပုဒ်မဟာ အများဆုံးထောင်ဒဏ် ၁၅ နှစ်ထိချမှတ်နိုင်မှာ ဖြစ်တယ်လို့ ဦးရောဘတ်စန်းအောင် ကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရွှေပေါက္ကံနယ်မြေ စခန်းမှူး ရဲအုပ် ချစ်ကိုကို တို့ကို ပုဒ်မ ၅၆ နဲ့ တရားစွဲဆိုထားပြီး အဲဒီပုဒ်မအရ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အရာရှိ ဦးကျော်စိုးက တိုင်းဥပဒေချုပ် ဦးဟန်ထူးက ကျပ်ငွေ သိန်း ၁၅ဝ၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ် သိန်း ၅ဝ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး က ကျပ် သိန်း ၁၃ဝ၊ ဒုတိယ ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ် သိန်း ၃ဝ၊ ဒုတိယ ခရိုင် တရားသူကြီး ဦးအောင်ကြည် က ကျပ်သိန်း ၃၃ဝ နဲ့ ရဲအုပ် ချစ်ကိုကိုက ကျပ် သိန်း ၃ဝ ရယူခဲ့ကြတယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။