ALD ပါတီ သတင်းစာရှင်းလင်း


2017.07.25
ald-620.jpg ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီခေါင်းဆောင်တွေ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဇူလိုင်လ ၂၅ ရက်နေ့က ပါတီရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းခဲ့စဉ်
Photo: Aung Thain Kha/RFA

ရခိုင်ပြည်နယ်က သယံဇာတတွေကို ရယူသုံးစွဲရာမှာ ရခိုင်လူထုအကျိုးခံစားခွင့်ရရှိဖို့၊ ရခိုင်ဒေသလုံခြုံရေးနဲ့ တရား ဥပဒေစိုးမိုးရေးကိစ္စတွေကို အဓိကဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။

တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး စတဲ့ပါတီရဲ့ မူလရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင် ဖို့အတွက် ပါတီကိုပြန်လည်တည်ထောင်လိုက်တာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးကျော်မြင့် ကပြောပါတယ်။

"ကျနော်တို့ မူလစွဲကိုင်ထားတဲ့ ကျနော်တို့ မူဝါဒဖြစ်တဲ့ တိုင်းရင်းသားအားလုံးတန်းတူညီရေး နောက် ကိုယ်ပိုင်ပြဌာန်းခွင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်မယ်ဆိုတဲ့ ရည်မှန်းခဲ့တဲ့ ကျနော်တို့ပါတီရဲ့ မူဝါဒတွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုရင် ALD ပါတီကို ပြန်ဖွဲ့ဖို့လိုပြီ။ တို့သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ့်နေရာကိုပြန်ပြီးတော့သွားတာ။ ကျနော်တို့ဟာ ပါတီအသစ်တစ်ခု ကိုလုပ်တာ မဟုတ်ပါဘူး။ ဒီဘက်မှာ ကျနော်တို့ မူဝါဒတွေကို အကောင်အထည်မဖော်နိုင်တဲ့ အတွက်ကြောင့် ကိုယ့်နေရာ ကိုယ်ပြန်ပြီးလာခြင်းဖြစ်ပါတယ်။"

ဒီနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ALD ပါတီခေါင်းဆောင်တွေက ပါတီရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၂၀ ကျော်စာရင်းကိုသာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတာဖြစ်ပေမယ့် ပါတီကို ၁၉၈၈ ခုနှစ်ကတည်းက တည်ထောင် ထားခဲ့တာကြောင့် နောက်ပိုင်းမှာ ပါတီဝင်အင်အားတွေ တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ALP ကနေ မနေ့က နှုတ်ထွက်ကြောင်း ပါတီကိုအကြောင်းကြားစာပေးပို့ခဲ့တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှာပါဝင်ပြီး ရခိုင်အမျိုးသားအကျိုးစီးပွားကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ကို ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီကို တည်ထောင်ပြီး ၃ နှစ်ကျော်အကြာမှာ ပါတီတွင်းမကျေလည်မှုတွေကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းတချို့က ပါတီကနေနှုတ်ထွက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပါတီအဖြစ် အသိမှတ်ပြုကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။